(UNICODE)
နောက်တစ်နေ့ မနက်စောစောတွင် ဒေါက်တာနှင့် ကျွန်မ ရွှေတိဂုံဘုရားသို့ သွားခဲ့ကြသည်။
ဒေါက်တာ ဝတ်ထားသည့် မီးခိုးရောင် ဝမ်းဆက်လေးသည် ဖြူနုနေသည့် ဒေါက်တာ့၏ အသားအရည်လေးကို ဝင်းလက်နေစေတော့သည်။
"ဒေါက်တာက ဘာနေ့သမီးလဲဟင်"
"တို့က စနေလေ"
"ဒါဆို စနေထောင့်မှာ ပန်းလှူကြမယ်လေ"
"မင်းက အဓိကလေ လေပြေရယ်၊ မင်း သွားမယ့် ခရီးဖြောင့်ဖြူးအောင် မင်းအတွက် တို့က ဆုတောင်းပေးမလို့၊ ကဲ ပြော ဘာနေ့သမီးလဲ"
"ဟီး ... လေပြေက တနင်္လာ"
"ဒါဆို နေ့နံနဲ့ နာမည်နဲ့က မကိုက်ဘူးပေါ့"
"ဟုတ်တယ် ဒေါက်တာရဲ့"
"တနင်္လာဆိုတော့ စိတ်ကောက်တတ်မှာပေါ့"
"ဟုတ်တယ် စိတ်ကောက်တတ်တယ် အခုတောင် ဒေါက်တာ့ကို စိတ်ကောက်နေတာ သိလား"
"ဘုရားရေ၊ တို့ ဘာများ လုပ်မိလို့လဲ"
"မနေ့ညက ဒေါက်တာ့သူငယ်ချင်းနဲ့ ဘယ်တွေသွားလည်ခဲ့တာလဲ၊ လေပြေကိုလည်း မပြောပြဘူး"
"ဒါတွေက ကလေးတွေ သိရမယ့် အရာမဟုတ်ဘူး၊ ရှူး တိုးတိုး"
ဒေါက်တာက လက်ညှိုးလေးကို နှုတ်ခမ်းနားကပ်ကာ ဆိုသည်။
"လေပြေက ကလေးမဟုတ်တော့ပါဘူးဆို ဒေါက်တာကလည်း"
"ဟော တွေ့လား တနင်္လာတွေ စိတ်ကောက်တတ်တာ မှန်နေတာပဲ၊ စိတ်မကောက်ပါနဲ့ လေပြေရယ်၊ တို့ မနေတတ်လို့ပါ"
"ဒေါက်တာ မနေတတ်ဘူးဆိုလို့ လေပြေက စိတ်ကောက်ပြေပေးလိုက်တာနော်"
"ဟုတ်ပါပြီ လေပြေရယ်၊ နှုတ်ခမ်းကြီး ဆူနေတာ ပြေပါတော့"
ဒေါက်တာက ကျွန်မပါးပြင်လေးကို အသာလေးညှစ်ပစ်လိုက်သည်။
"ဒီနေ့ တစ်နေ့လုံး ဒေါက်တာ့ကို လေပြေပိုင်တယ်နော်"
"အင်းပါဆို၊ အားလုံး လေပြေ့ သဘောအတိုင်းပါပဲရှင်"
ဘုရားမှ အပြန် ကန်တော်ကြီးထဲတွင် ကျွန်မတို့ မနက်စာစားကြသည်။