Chapter 3

318 23 0
                                    

(UNICODE)

ဒီဇင်ဘာလဖြစ်သည်မို့ တောင်ကြီးမြို့၏ ရာသီဥတုသည် စိမ့်နေ‌အောင်သည်။

ကျွန်မယူလာသည့် အဝတ်အစားများထဲတွင် အလှဆုံးဟု ယူဆနိုင်သော အဝါရောင်ဆွယ်တာအထူကို
ဂျင်းဘောင်းဘီ အပြာနုနှင့် တွဲဝတ်ကာ ချည်ထိုးဦးထုပ် ဆင်စွယ်ရောင်ကို ဆောင်းထားသည်။

ဒေါက်တာနှင့် ချိန်းထားသည်က မနက် ၆နာရီခွဲမှဖြစ်သော်လည်း ၅ နာရီ ၄၅ လောက်ကတည်းက ဟိုတယ် Lobby တွင် ကျွန်မ အဆင့်သင့်ရောက်နေသည်။

မနေ့ညနေကမှ ဆိုင်က ပြန်ရွေးလာသည့် ကင်မရာကို သေချာပြန်ကြည့်ရင်း Memory Card များ၊ Battery များကိုပါ စစ်နေသည်။

ကျွန်မလွယ်‌နေကျ လွယ်အိတ်အနီရောင်ထဲတွင် လိုအပ်မည့် ပစ္စည်းများကို သေချာစွာထည့်ပြီးသော်လည်း နောက်တစ်ကြိမ်ထပ်၍ စစ်လိုက်သေးသည်။

ထိုအခါ သတိရမိသည်က ကျွန်မဆွဲထားသည့် ဒေါက်တာ့ ပုံတူပန်းချီပင်။

ထိုပန်းချီကို ကျွန်မ လွယ်အိတ်ထဲတွင် အဆင်သင့်ထည့်ထားသည်။ ဒေါက်တာ့ကို ပန်းချီကားလေး လက်ဆောင်ပေးမည်ဟု ရည်ရွယ်ထားသည်။ ထိုပန်းချီကားလေးကို မြင်သည့်အခါ အံ့ဩသွားမည့် ဒေါက်တာ့မျက်နှာလေးကို ကျွန်မ အကြိမ်ကြိမ်မြင်ယောင်ကြည့်ရင်း တစ်ယောက်တည်း တိတ်တခိုး ကြည်နူးနေမိသည်။

၆နာရီ ၁၀ မိနစ်ဝန်းကျင်တွင် ဟိုတယ်သို့ ဒေါက်တာရောက်လာသည်။

"အဆင်သင့်ပဲလား၊ တို့ နည်းနည်းစောသွားတယ်"

ကျွန်မ ဒေါက်တာ့ကို မြင်မြင်ချင်း ခေါင်းအစခြေအဆုံး ငေးမောကြည့်နေမိသည်။

ကျောလည်ထိရှည်လျားသည့် ဆံနွယ်များကို နီညိုရောင် ပုဝါစအသေးဖြင့် သေသပ်စွာ စည်းနှောင်ထားသည်။ မနိမ့်လွန်း မမြင့်လွန်းသော အသားရောင်ဒေါက်ဖိနပ်ကို စီးကာ Chanel တံဆိပ်အနက်ရောင် ပိုက်ဆံအိတ်ကို လွယ်ထားသည်။ နီညိုရောင် မြန်မာဝမ်းဆက်အပေါ်မှ အညိုရောင် ကုတ်အင်္ကျီအရှည်ကို ထပ်ဝတ်ထားသည်မှာ အရှိန်အဝါများဖြင့် တောက်ပစွာ လှနေတော့သည်။ နှုတ်ခမ်းနီကို အနီရောင်ရဲရဲဆိုးထားပြီး မိတ်ကပ်ခပ်ပါးပါးလိမ်းခြယ်ထားသည့် ဒေါက်တာ၏အလှသည် သံလိုက်ဓာတ်များ စီးဆင်းနေသဖွယ် ညို့အားအပြင်းဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံးဟုပြောလျှင် မှားနိုင်ဖွယ်မရှိပေ။

When We Meet Again Donde viven las historias. Descúbrelo ahora