Chapter 2

379 26 0
                                    

(UNICODE)

ဆေးရုံတွင် ၂ ရက်နေပြီးနောက် ဆေးရုံဆင်းခွင့်ရသည်။

ဆေးရုံဆင်းသည့်နေ့တွင် ဒေါက်တာ့အား နှုတ်ဆက်ရန် လိုက်ရှာမိသော်လည်း ဒေါက်တာ့ ဂျူတီချိန်မဟုတ်သဖြင့် မတွေ့ခဲ့ရပေ။

သို့သော် သူနာပြုဆရာမ၏ ကျေးဇူးကြောင့် ဒေါက်တာ့နာမည်ကို သိခွင့်ရလိုက်သည်။

ဒေါက်တာ ဒေစီခင် တဲ့။

ဆေးရုံဆင်းပြီးခါစဖြစ်၍ ကျွန်မဘယ်ကိုမှ မသွားဖြစ်ပဲ ဟိုတယ်တွင်သာ အနားယူခဲ့သည်။

ထိုနေ့များ၌ ကျွန်မ၏ အမြင်အာရုံတွေထဲတွင် ဒေါက်တာ့ အပြုံးလေးများက နေရာယူနေခဲ့ပြီး အကြားအာရုံတွင်လည်း ဒေါက်တာ့၏ အသံချိုချိုလေးတွေသာ စိုးမိုးနေခဲ့သည်။

ညဘက်များတွင်လည်း ကောင်းကောင်းအိပ်မပျော်ဘဲ အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် အိပ်မက်သယောင် တကယ်ယောင်ယောင် ဒေါက်တာ့ရဲ့ပုံရိပ်တွေက ကျွန်မ၏ အတွေးများထဲတွင် ထပ်ခါထပ်ခါ လွှမ်းမိုးနေသည်။

အိပ်မပျော်သည်မို့ ပန်းချီဆွဲရန် ဆုံးဖြတ်လိုက်သည်။

အရင်ကတည်းကပင် စိတ်တွေ ထွေပြားသည့်အချိန်ဆိုလျှင် ကျွန်မတော့ ပန်းချီဆွဲပစ်လိုက်သည်။ ဒီနည်းက ကျွန်မစိတ်တွေကို တည်ငြိမ်အောင် လုပ်ပေးတဲ့ အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။

‌ဒေါက်တာနဲ့ ဆုံဖူးသည်က ၃ ကြိမ်မျှသာရှိပေမယ့် ကျွန်မ ဒေါက်တာ့၏ မျက်လုံးများကို တိကျစွာမှတ်မိသည်။

မေ့နိုင်စရာမရှိ‌လောက်အောင် လှပသည့်မျက်ဝန်းတွေပဲလေ။

ပန်းချီကို လက်စသတ်ပြီးနောက် ကျွန်မကိုယ်ကျွန်မ ဆန်းစစ်မိသည်။

ဘာ‌ကြောင့် ဒီလိုတွေဖြစ်နေသည်ကို စဉ်းစား၍မရပေ။
သို့သော် သေချာသည်တစ်ခုက ကျွန်မ ဒေါက်တာနဲ့ ထပ်တွေ့ချင်သည်။ ဒေါက်တာ့ မျက်ဝန်းတွေကို ထပ်မြင်ချင်သည်။

မနက်မိုးလင်းတော့ ဟိုတယ်မှ ခပ်စောစောထွက်ကာ စဝ်စံထွန်းဆေးရုံကို သွားဖို့ဆုံးဖြတ်လိုက်သည်။ ဆေးရုံဆင်းပြီးမှ အပြင်ထွက်တာသည် ဒါပထမဆုံးဖြစ်သည်။

When We Meet Again Where stories live. Discover now