ဒီလောက်ဆိုရင် ခွန်းယံအနေနဲ့ သူ့ကို ယုံကြည်လောက်မည့် အမှန်နဲ့ အမှား ရောနှောနေသည့် အခြေအနေတစ်ခု ဖန်တီး၍ ရနိုင်သည်။

"ငါ ဒီကို နှင်းဝတ်လွှာဆိုတဲ့ ကျောင်းသူရဲ့ ပုံမှန် မဟုတ်တဲ့ သေဆုံးမှုကြောင့် ရောက်လာခဲ့တာ "

ခွန်းယံက ထိုက်ဟုန်စစ်အား မမှိတ်မသုန် စိုက်ကြည့်နေရင်း နောက်ထပ်ပြောလာမည့် စကားကို အာရုံစိုက် နားထောင်နေသည်။

"ပြီးတော့ သံသယရှိသူ စာရင်းမှာ ပါနေတဲ့ မင်းဆီမှာ ဖြစ်ပျက်နေတဲ့ အချို့ ကိစ္စတွေကလည်း မမြင်ရတဲ့ အရာတွေနဲ့ ဆက်စပ်နေတယ် "

"..."

"ငါက အဲ့ဘက် လောကကို သိနိုင်မြင်နိုင်တယ် "

"အဲ့တော့ မင်းလည်း ငါ့ကို တရားခံလို့ ထင်နေတာလား ? "

"တရားခံက မင်းမဟုတ်ဘူး မင်းကို ဒီ အရှုပ်အထွေးထဲ ဆွဲထည့်တဲ့သူ ဖြစ်ဖို့များတယ် "

ခွန်းယံမှာ တစ်ခုခုကို တွေးမိနေသည့်ဟန်ဖြင့် ခဏမျှ တွေခနဲဖြစ်သွား၏။
"ထားပါတော့ မင်းပြောသလို မမြင်ရတဲ့ လောကနဲ့ ငါနဲ့ ဆက်စပ်နေတယ်ဆိုတာကို ဘယ်လိုမျိုးသက်သေပြနိုင်လဲ ? "

"ငါ ဒီကို စရောက်လာတဲ့ နေ့က ညသန်းခေါင်ကြီး ရေချိုးခန်းထဲမှာ မင်း ဘာဖြစ်ခဲ့လဲ အကုန် မြင်ပြီးသားပဲလေ...
နောက်နေ့ မင်း သတိရလာတော့ ဆေးရုံလည်း မသွားသလို အခြားသူတွေကိုလည်း မသိစေချင်ခဲ့ဘူး...
အဲ့ဒါ မင်းကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ဘာဖြစ်နေတယ်ဆိုတာ သိနေလို့ မဟုတ်ဘူးလား...
ငါက ဘာကို သက်သေပြပေးရဦးမှာလဲ ? "

ခွန်းယံကို အတိုင်းအတာတစ်ခုအထိ အယုံသွင်းနိုင်သွားဖို့ မျှော်လင့်ရင်း ထိုက်ဟုန်စစ် အခု ထိုကောင်လေးရဲ့ ခေါင်းထဲမှာ ဘာတွေ တွေးနေလောက်မလဲဆိုတာကို အတတ်နိုင်ဆုံး ခန့်မှန်းကြည့်နေမိသည်။

ပြီးတော့ ခွန်းယံ ကိုယ်တိုင်ကလည်း ကြုံတွေ့နေတဲ့ သဘာဝလွန် ကိစ္စတွေရဲ့ ဇစ်မြစ်ကို သေသေချာချာ မသိသေးတာကြောင့် ရာခိုင်နှုန်း နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ထိုက်ဟုန်စစ်ကို ယုံကြည်သွားရင်တောင်  သူ့နားကနေ အသည်းအသန် နှင်ထုတ်နေတော့ မဟုတ်ပေ။

VEILS OF MINZARIWhere stories live. Discover now