ကုရ်မာသည်မိမိကိုယ်ကိုစတေးကာ ယစ်ပူဇော်လျက်နတ်ဆိုးအသက်သွင်းခြင်းသည် အင်မတန်အန္တရာယ်များလှသလို ကြောက်စရာကောင်းလှသည့်စွန့်စားမှုဖြစ်သည်ကို နားလည်မိသည့်အလျောက် အနည်းငယ်တွေဝေသွားခဲ့၏။ သို့သော်သူ့တွင် ရွေးချယ်စရာမရှိပါ။ မှော်အစွမ်းကိုရင်ဆိုင်နိုင်ရန် ဤနည်းလမ်းသာရှိတော့သည်မဟုတ်လား။

အကယ်၍ပျောက်ချင်းမလှပျောက်နေသည့် မင်းသားပြန်ရောက်လာပါက သူ့အသက်ကိုသိမ်းယူမည်မှာမလွဲချေ။ မင်းသား၏လက်ထဲတွင် မှော်စာအုပ်ကာမုချရှိနေပေလိမ့်မည်။ ထိုအခါသူသည်မည်သည့်နည်းနှင့်မျှ အသက်ရှင်သန်နိုင်မည်မဟုတ်ပါ။ အငြိုးအတေးကြီးစွာဖြင့် မင်းသားသည်သူ့ကိုသတ်ဖြတ်ချေမည်။ ကုရ်မာသည်ထိုသို့အဖြစ်မခံနိုင်ချေ။ သူသည်အမြဲတစေမင်းသားကိုအနိုင်ယူခဲ့သူဖြစ်ရာ မင်းသားလက်၌အညံ့ခံအရူံးပေးကာ အသက်ပေးမည့်အစား နတ်ဆိုး၏ထာဝရကျေးကျွန်ဖြစ်ခြင်းက ပို၍ကြီးမြတ်သည်ဟုတွေးလိုက်သည်။

ထို့ကြောင့် ကုရ်မာသည်မိမိကိုယ်၌ နတ်ဆိုးကိုအသက်သွင်းဖို့ ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်လေ၏။

"မင်းသား၏လက်၌အသတ်ကို အသေခံမည့်အစား ကျွန်ုပ်ကုရ်မာ ငရဲနတ်ဆိုး၏ကျေးကျွန်အဖြစ်ခံကာ ကျွန်ုပ်အသက်ကိုသာအပ်နှင်းလိုက်မည် အသင်နတ်ဆရာ နတ်ဆိုးအဖြစ်အသက်သွင်းပြောင်းလဲခြင်းသည် မှော်ကိုရင်ဆိုင်တားဆီးနိုင်မည်ဆိုပါက အချိန်မဆွဲဘဲ ယခုပင်အသက်သွင်းခြင်းကို စီမံဆောင်ရွက်ပေလော့"

"ကောင်းပါပြီ ခေါင်းဆောင်ကုရ်မာ"

ထို့နောက် ကုရ်မာသည်မိမိအသက်ရန်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နတ်ဆရာကြီးနှင့်တိုင်ပင်ကာ နတ်ဆိုးအသက်သွင်းခြင်းကို စတင်လုပ်ဆောင်တော့သည်။

နတ်ဆိုးအသက်သွင်းရန်အတွက် ပထမဦးစွာကုရ်မာသည် သေလုမျောပါးဒဏ်ရာရအောင် မိမိကိုယ်ကိုပြုလုပ်လျက် ယစ်တိုင်တွင်ယစ်ပူဇော်ခံလိုက်သည်။ ထိုအခါနတ်ဆရာကြီးသည် မန္တန်တစ်ပုဒ်ကိုရွတ်ဆိုလျက် ငရဲ၌ရှိသော နတ်ဆိုးအားပင့်ဆောင်တော့၏။ ၎င်းတို့အလိုရှိသည့်ကာ ငရဲ၌ထာဝရတည်ရှိသော မည်သည့်အခါမှမကျွတ်မလွတ်နိုင်တော့သည့် နတ်ဆိုးဖြစ်ရမည်။ ထာဝရပြန်မမွေးဖွားနိုင်သလို မကောင်းမှုတွေလွှမ်းခြုံနေသည့် အမှောင်အရှင်သခင်ပင်ဖြစ်သည်။ သို့သော်ငရဲမှထိုနတ်ဆိုးကိုပင့်ဆောင်သည့်အခါ ငရဲအပေါက်ကိုဖွင့်ပေးလိုက်သကဲ့သို့ဖြစ်ပြီး အခြားသောမကောင်းဆိုးဝါးတို့သည်လည်း အလုအယက်ရောက်ရှိလာတတ်သည်။ ထိုမကောင်းဆိုးဝါးတို့သည်အရင်ရောက်ရှိလာပြီး ယစ်ပူဇော်ထားသည့်ခန္ဓာကိုယ်ကို အလုအယက်လုယက်စားသုံးတတ်သည်။ ထိုအန္တရာယ်ကိုကာကွယ်ရန်နှင့်ကြံ့ကြံ့ခိုင်နိုင်ရန်မှာအင်မတန်အရေးကြီးလှ၏။

မှော် (ေမွာ္)Where stories live. Discover now