"ငါ့သမီး သီတာလမ်းက နံရိုးပေါင်း ခေါက်ဆွဲမစားရတာ ကြာပြီမဟုတ်လား"

အဖေကြီးနှင့် နှစ်ယောက်အတူ နံရိုးပေါင်းခေါက်ဆွဲဆိုင်လေးထဲကို ၀င်လိုက်တော့ ရင်ထဲမှာ အတိတ်ရဲ့ အရိပ်လေးတွေက ဖြည်းဖြည်းချင်းလှုပ်ခတ်လာကြသည်... သားအဖနှစ်ယောက်သား အငယ်တွေမသိအောင် ခဏခဏ ခိုးပြီးလာကြဖူးသည် မဟုတ်လား...

သန္တာတို့ သားအဖနှစ်ယောက် ဆိုင်ရှေ့ သစ်ပင်အောက်ရှိ လူရှင်းသည့် စားပွဲတွင်ထိုင်လိုက်ကြသည်... ဆိုင်ရှင် အန်တီကြီးကတော့ ဆုံးသွားပြီး သူ့သားသမီးတွေ ဆက်ရောင်းနေကြပေမဲ့ လက်ရာကတော့ အရင်အတိုင်းပင်...

"မီးကြီး ကြံရည် နည်းနည်း သောက်မယ်မလား... စတိလေးပဲသောက်နော်... ညနေဘက်ကြီး ရင်ပြည့်နေမှာစိုးလို့"

"ဟုတ် အဖေကြီး"

သန္တာကိုယ်၀န်ရပြီးမှ ကိုယ်၀န်ဆိပ်တက်တာကြောင့် အရင်ထက်ပိုပြီး အစားအသောက်နည်းသွားသဖြင့် အဖေကြီးက စိတ်မကောင်းဖြစ်နေခဲ့သည်... ဒီနေ့တော့ စားကောင်းကောင်းနှင့် စားလိုက်တာ တစ်ပွဲလုံးကုန်သွားသည့်အပြင် တိုဟူးကြော်တွေပါ မှာစားပစ်လိုက်သေးသည်... အဖေကြီးက သန္တာ့ကိုပြုံးကြည့်နေပြီး ကျေနပ်နေသည့်ပုံပင်...

သန္တာက ကြံရည်ကို ပိုက်နှင့်ဖြည်းဖြည်းချင်းစုပ်သောက်နေတုန်း အဖေကြီးက ပြောလာသည်...

"ဟိုနေ့က သူ့မေပြောတယ်... မီးကြီးက ကလေးမွေးရမှာကြောက်နေတာဆို"

"ကြောက်တယ်ရယ်လဲ မဟုတ်ပါဘူး အဖေကြီးရယ် ပထမဆုံးဆိုတော့ ဒီလိုပဲ စိတ်လှုပ်ရှားတာပေါ့... အဲ့ဒါကြောင့် သန္တာက အမေ့ကို မေးကြည့်တာ... အမေ သန္တာ့ကိုပထမဦးဆုံးမွေးခဲ့တုန်းက ဘယ်လိုခံစားရလဲလို့"

"သမီးတို့ အမေက စိတ်မာတာ သမီးတို့လဲအသိပဲ... အဲ့ဒီတုန်းကဆို အမေက မကြောက်ဘူး အဖေကြီးက ကြောက်နေခဲ့တာ... အဟားဟား"

"အဖေကြီးက အမေ့ကို စိတ်ပူနေခဲ့တာလားဟင်"

"အမေ့ကိုလည်း စိတ်ပူတယ်... ငါ့သမီးကိုလဲ စိတ်ပူတယ်... ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာနဲ့ လှလှပပလေး ထွက်လာစေချင်ခဲ့တာလေ.... အမေဗိုက်နာလို့ မွေးခန်းထဲ၀င်သွားကတည်းက အဖေကြီးမှာ တစက်ကလေးမှ မထိုင်နိုင်ဘူး ရသမျှဘုရားစာတွေ ဆိုပြီး အပြင်မှာစောင့်နေခဲ့တာ... နောက်ဆုံး သမီးမျက်နှာလှလှလေးကို မြင်လိုက်ရမှ သက်ပြင်းချနိုင်တော့တာ... သမီးမျက်နှာကို မြင်လိုက်ရတဲ့ အချိန်မှာ ပူပင်မှုတွေဆိုတာ တကယ်ကို ပျောက်ခြင်းမလှပျောက်သွားတာကွာ"

Match Made In Clouds Where stories live. Discover now