အပိုင်း ၄

77 10 14
                                    

[Unicode]

ရှင်းသာ အိမ်ပြန်လာချိန်မှာ မှောင်စပျိုးနေလေပြီ။ ထွက်သွားကတည်းက ၅ နာရီလောက်ဖြစ်ပြီး ဟိုမှာ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့သေးသည်မို့ ၆ နာရီတော့ ကျော်နေပြီ ထင်လိုက်၏။

"သား ပြန်လာပြီလား"

ဆိုင်ကယ် ဇက်သော့ခတ်ကာ အိမ်ပေါ်တက်လာလျှင် မေမေနှင့် တန်းတွေ့သည်။ ပန်းကန်ဆေးပြီး ပြန်ထွက်လာပုံဖြင့် စိုလက်စ လက်ချောင်းများကို လက်ကိုင်ပုဝါနှင့် သုတ်‌နေ၏။ မီးဖိုချောင်ထဲ ရှင်းသာ လှမ်းကြည့်တော့ စားလက်စ လူ မရှိတော့။

"ပြီးကုန်ကြပြီလား"

"အဘွားက စားမယ်ဆိုလို့ လင်းမာန်ကိုပါ ခေါ်လိုက်တာ။ မင်းဖေဖေကလည်း လာဖို့ ကြာဦးမယ်တဲ့။ အဲ့ဒါကြောင့် မေမေတို့က စားပြီးပြီ ဆိုပါတော့။"

"ဖေဖေ ဘယ်သွားတာလဲ"

အိမ်အလယ်ခန်းက ‌ဗီရိုအပေါ် ခြင်းထဲသို့ ဆိုင်ကယ်သော့အား ရှင်းသာ သွားထည့်ရင်း မေးလိုက်သည်။ အဘွားက ဘုရားစင်နားမှာ တရားစာအုပ် ဖတ်နေရင်း မော့ကြည့်လာ၏။ မေမေကလည်း သူ့နောက်က လိုက်လာကာ အဘွားဘေး နှစ်ခုံကျော်မှာ ထိုင်ချသည်။

"အမေ ဂျင်းသုပ်"

အဘွားကို ပြောပြီးမှ ရှင်းသာ့အဖြေကို ပြန်ဖြေ၏။

"သိတဲ့အတိုင်း သူ့ကိစ္စပေါ့ သားရယ်။ ဝင်းကိုတို့က ခုတစ်ခေါက် ပါမယ်ပြောလို့ သွားမေးတာတဲ့။ သူ ငွေလိုနေတာနဲ့ အတော်ပဲလေ။"

ရှင်းသာ ခေါင်းညိတ်ပြလိုက်သည်။ မထိုင်သေးဘဲ ဘေးခြင်းထဲက ဆေးလိပ်နှစ်လိပ် ဆွဲယူလိုက်၏။

"လေးလေးဆီ သွားဦးမယ်"

"ဂျင်းသုပ် စားဦးမလား မေးခဲ့ဦး"

အပေါ်ထပ် လှေကားကို လှမ်းနင်းချိန် အဘွားဆီက အသံထွက်လာသည်။ လေးလေးက ဂျင်းသုပ် စားချင်မယ်ဟု သူတော့ မထင်ပါ။ သို့သော် 'ဟုတ်ကဲ့' ဟုတော့ ပြန်ဖြေခဲ့လိုက်သည်။

အပေါ်ထပ်က လေးလေးနေဖို့ သီးသန့်ဆောက်ပေးထားသော နေရာတော့ မဟုတ်။ သို့သော်လည်း လေးလေး၏ သီးသန့်နေရာလို ဖြစ်နေလေသည်။ ဖေဖေရော၊ မေမေရောက ဒီအပေါ်ကို မလာ။ အဘွားက လာတော့ လာသော်လည်း လှေကားတက်ရတာ ညောင်း၍ သိပ်မတက်ဖြစ်။ ထို့ကြောင့် လေးလေးက အပေါ်ထပ် တစ်ထပ်လုံး သူ ပိုင်သွားတော့၏။

အဉ္ဇလီသို့ ( တမ်းတခြင်းနှင့်အတူ ) [Hiatus]Where stories live. Discover now