"ပါပါးရေ... ဝမ်းဖိုးနဲ့ ဖေဖေကြီးနဲ့ ပေါက်ပေါက်ကို လမ်းထိပ်လိုက်ပို့လိုက်ဦးမယ်နော်"

"ဟုတ်ပါပြီဗျာ"

သားရဲ့ ချစ်စရာအကျင့်လေး နောက်တစ်ခုက သူဘယ်သွားသွား ဘာလုပ်လုပ်ကို ငြိမ်းကိုအသိပေးတတ်သည်... ငြိမ်း အိမ်မှာမရှိနေရင်တောင်မှ ဖုန်းလှမ်းဆက်ပြီး ပြောသည်...

"ဝမ်းဖိုး ဖေဖေပြန်မလာခင် ပါပါးဆီ မြန်မြန်ပြန်လာခဲ့မယ်နော်"

ငြိမ်းက သားခေါင်းလေးကို အုပ်ကိုင်ပြီးပြုံးလိုက်သည်... သူ့အဖေ ပြန်လာရင် ငြိမ်းနားကပ်ဖို့ သူ့ထက်အရင်ဦးသွားမှာကိုလည်း သူ့မှာ နောက်ဆံတင်းနေရသေးသည်...

"အင်းပါ ဖေဖေကြီးလက်ကို သေချာဆွဲထားနော်... ပေါက်ပေါက်ကိုလည်း ဂရုစိုက်ဦး"

"ဟုတ်ကဲ့ ပါပါး"

အဖေကြီး နဲ့ သားက ပေါက်ပေါက်ကိုခေါ်ပြီး လမ်းထိပ်သို့ ထွက်သွားကြတော့ ဟေမာက အိမ်နောက်မှ သုတ်သုတ် သုတ်သုတ်နှင့် ထွက်လာသဖြင့် ငြိမ်းကမေးလိုက်သည်...

"ပူတူး...ဘယ်လဲ"

"အဖေကြီး နဲ့ ဝမ်းဖိုး နှစ်ယောက်တည်း စိတ်မချလို့ နောက်ကလိုက်သွားမလို့ ကိုကြီး"

ဒီနားနဲ့ ဒီနား လမ်းထိပ်လေးကိုတောင် သူ့မှာ Wonderful ကို စိတ်မချနိုင် ဖြစ်နေသည်... ဒီပုံနဲ့တော့ အကုန် အပျိုကြီးတွေ ဖြစ်ကုန်ကြမှာ ငြိမ်းက စိတ်ပူရပါသည်... ကေသာဆို ချစ်သူရှိနေရဲ့သားနဲ့ Wonderful ကို မခွဲနိုင်လို့ဆိုပြီး ခုထိ လက်ထပ်ဖို့ကို မစဉ်းစားသေးပေ...

နန္ဒာဆိုရင် တစ်နှစ်တစ်ခါ ပြန်လာတိုင်း ပြန်သွားရခါနီးဆို Wonderful ကို မခွဲချင်လို့ ငိုရတာအမောပင်...
Wonderful ကလည်း စကားတတ်တိုင်း သူ့အဒေါ်တွေကို နည်းမျိုးစုံနှင့်ခြွေနေတော့သည်ပင်...

"တီတီနာနာ ပြန်သွားရင်လေ ဝမ်းဖိုးက လွမ်းလို့လေ... အိပ်ရာထဲမှာ ပါပါးကိုဖက်ထားပြီး ဝမ်းဖိုးက ငိုမှာ သိလား"

နန္ဒာ့ပါးနှစ်ဖက်ကို သူ့လက်သေးသေးလေးနှစ်ဖက်နဲ့ ညှပ်ကိုင်ပြီး အဲ့လိုလေးများခြွေလိုက်ရင် နန္ဒာကြည်ညွှန်းမှာ မျက်ရည်နဲ့မျက်ခွက်ဖြစ်သွားရတော့သည်... နန္ဒာက ဟိုမှာ လုပ်ငန်းအတွေ့အကြုံတွေသင်ယူပြီးတာနှင့် ပြန်လာလိမ့်မည်...

Match Made In Clouds Where stories live. Discover now