ကိုအာကာက ကားသော့ကို ဖြုတ်ယူလိုက်ပြီး နောက်ခန်းမှ မကြီးကိုပါ ဆင်းခိုင်းကာ ဇေယျာ့နောက်သို့ လိုက်လာကြသည်... ဦးလေးပြောထားသည့် အခန်းသို့ရောက်တော့ အဖွားက ခုတင်ပေါ်မှာလှဲနေပြီး အနားမှာ အိမ်အကူ မအေးခိုင်တစ်ယောက်ပဲ ရှိသဖြင့် ဇေယျာ မျက်မှောင်ကျုံ့သွားရသည်...

"ဟော ဇေယျာ"

"မအေးခိုင် တစ်ယောက်တည်းလား...ဦးလေး တို့ရော"

"ဦးလေးက မနက်က ခဏလာကြည့်ပြီး အလုပ်ကိုသွားပြီထင်တယ် ဇေယျာ လာလိမ့်မယ်လို့ ပြောသွားတယ်"

"ကျစ်! ညကလည်း မအေးခိုင်တစ်ယောက်တည်းလား... ဦးလေး မိန်းမကရော မလာဘူးလား... သူ့သမီးတွေရော"

"သူတို့က ညကဆေးရုံတင်ကတည်းက လိုက်မလာကြတာ... ဟို... အန်တီက မှာလိုက်တယ် ဇေယျာလာရင် မအေးခိုင်ကို အိမ်ပြန်လာခဲ့ပါတဲ့... အိမ်မှာလုပ်စရာတွေရှိတယ်လို့ပြောတယ်"

ဇေယျာ သက်ပြင်းချလိုက်မိသည်... ဒီလိုတွေဖြစ်မယ်ဆိုတာ အစကတည်းက တွေးထားမိပါသည်... အဖွားဒီလို အခြေအနေအထိဖြစ်ရတာ သူတို့သေချာဂရုမစိုက်လို့ပဲ ဖြစ်မည်... အဖွားကိုထားခဲ့ပြီး အိမ်ကထွက်လာမိသည့် ကိုယ့်ကိုယ်ကိုပဲ ဒေါသထွက်နေမိတော့သည်...

"မအေးခိုင် ပြန်ချင်ပြန်လေ... ကျွန်တော်စောင့်လိုက်မယ်... အဖွားအတွက်လိုအပ်တာတွေ အကုန်ပါလား"

"မအေးခိုင် တတ်သလောက် မှတ်သလောက်တော့ ထည့်လာတယ် ဇေယျာ... ဘာတွေလိုဦးမလဲတော့မသိဘူး"

"ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော်ကြည့်လုပ်လိုက်မယ်"

"တကယ်လို့ သူတို့ပြန်လိုက်ပို့ရင် မအေးခိုင် ပြန်လာခဲ့မယ်နော်"

"ဟုတ်ကဲ့... မအေးခိုင် ပြန်တတ်လား... ကျွန်တော် ကားငှါးပေးလိုက်မယ်"

"ရတယ်...ရတယ်... မအေးခိုင် ငှါးတတ်တယ်"

မအေးခိုင် ထွက်သွားတော့ ဇေယျာ အဖွားနားမှာ ဝင်ထိုင်လိုက်ပြီး ပိန်လှီနေသောလက်ကလေးကို ကိုင်လိုက်မိသည်... ၆ လပေါ့... ဇေယျာ အိမ်ပေါ်ကဆင်းခဲ့သည့် ၆လ အတွင်းမှာ ဒီလောက်အထိတောင် ပိန်ကျသွားလိုက်တာများ... စိတ်ထောင်းကိုယ်ကျေများ ဖြစ်ခဲ့လေသလား အဖွားရယ်... ထားခဲ့မိလို့ တောင်းပန်ပါတယ်...  ဖေဖေ့သွေးသား မဟုတ်ခဲ့တဲ့အတွက် အဖွားများ ငြိုငြင်မလား ဆိုတဲ့ စိတ်တွေနဲ့ သိမ်ငယ်မိခဲ့ရပါတယ်... ကိုယ်တိုင်လည်း လက်မခံနိုင်လောက်အောင် စိတ်ဒဏ်ရာတွေ ဖြစ်ခဲ့တာမို့ အဖွားရဲ့ မေတ္တာတွေကို တဒင်္ဂကျောခိုင်းထားခဲ့မိပါတယ်... တောင်းပန်ပါတယ်ဆိုတာထက် ပိုတဲ့စကားရှိရင် အဖွားကိုပြောခွင့်ရချင်ပါသေးတယ်... အဖွား ခဏလောက်ဖြစ်ဖြစ် ပြန်လည် ကျန်းမာပေးပါဦး...

Match Made In Clouds Where stories live. Discover now