နန္ဒာ စိတ်ထဲမှာ ငိုချင်လာရပြီ... အဖေကြီးက အိတ်ကပ်ထဲမှ တစ်ရှူးကိုထုတ်ပြီး ရေခဲမုန့်စားထားလို့ ပေနေတဲ့ နန္ဒာ့လက်တွေကို ကလေးတစ်ယောက်လို သုတ်ပေးရင်း ဆက်ပြောသည်...

"ငါ့သမီးက ငယ်ငယ်ကဆို အဖေကြီးရေ သမီး ဒီပြိုင်ပွဲဝင်ပြိုင်မယ်...ဒီဆုကို ရအောင်ယူမယ်လို့ ပြောပြီးရင် မရရအောင် လုပ်နိုင်ခဲ့တာချည်းပဲ... အဖေကြီးက အငယ်တွေကို ဆုံးမတိုင်း မမနာနာကိုကြည့် မမနာနာလို ကြိုးစားဆိုပြီး အမြဲပြောခဲ့ရတာ...သမီးက တကယ်ပဲ အငယ်တွေအတွက် ဥပမာကောင်း ဖြစ်ခဲ့တယ်"

အဖေကြီးရဲ့မျက်နှာက အခုတောင်မှ ပြန်တွေးပြီး ဂုဏ်ယူဝံ့ကြွားနေဟန် အပြည့်ရှိနေသည်...

"အဖေကြီးရော အမေရောက ကလေးတွေကို ဘာဖြစ်ရမယ် ဘာလုပ်ရမယ်ဆိုပြီး ဖိအားပေးတာမျိုးတွေ မလုပ်ခဲ့ဘဲ ကလေးတွေဖြစ်ချင်တဲ့ အပေါ်မှာပဲ လိုက်ပြီးပံ့ပိုးပေးခဲ့ကြတာ သမီးတို့ အသိပဲ... အမေဆိုလည်း ကလေးတွေနဲ့အတူစာကြည့်စားပွဲမှာ ဝင်ထိုင်ပြီး ကလေးတွေ မူလတန်းဆို သူလည်း မူလတန်း...ကလေးတွေအလယ်တန်းဆို သူလည်း အလယ်တန်း အဲ့ဒီလိုမျိုး နေလာခဲ့တာ တော်စေချင်လို့ တတ်စေချင်လို့ ပံ့ပိုးခဲ့ကြရုံပဲ...ကျန်တာက ကလေးတွေ စိတ်ကြိုက် ကြိုက်တဲ့လမ်းကို လျှောက်စေခဲ့တာချည်းပဲလေ"

တကယ်လည်း ဟုတ်ပါသည်... နန္ဒာတို့အားလုံးကျောင်းပြီးသွားမှ အမေလဲ နားရတော့သည်... အခုတောင်မှ နန္ဒာက နိုင်ငံခြားမှာ ကျောင်းတက်ချင်သည်ဆိုပြီး တစ်နှစ်ပတ်လုံး ဝင်ခွင့်တွေအတွက် စာတွေလုပ်တော့ အမေက အနားမှာ လိုအပ်တာတွေ ပံ့ပိုးပေးခဲ့ရသည်...

"အဖေကြီးတို့ကတော့ ငါ့သမီး စိတ်တိုင်းကျဘယ်လို ဆုံးဖြတ် ဆုံးဖြတ် လက်ခံပေးမှာ... သမီး ကျောင်းသွားတက်ချင်လား... ဒီမှာပဲဆက်နေပြီး အလုပ်ဝင်ချင်လား... သမီးစိတ်ကြိုက် ဆုံးဖြတ်... ငါ့သမီးက အသက် ၂၆ နှစ်ရှိနေပြီ... အမှားအမှန် အကောင်းအဆိုး ဝေဖန်ပိုင်းခြားတတ်နေပြီ... သွားသင့်လား နေသင့်လား ငါ့သမီးခေါင်းထဲမှာ အဖြေက ရှိနေပြီးသားလို့ အဖေကြီးက ယုံတယ်"

"ဒီကျောင်းကြီးကို ကြည့်ပြီး သမီးရဲ့ ငယ်ဘဝ အိပ်မက်တွေကို ပြန်စဉ်းစားကြည့်ပေါ့... ရည်မှန်းချက်တွေထဲက ဘယ်နှစ်ခုပြီးမြောက်ခဲ့ပြီလဲ... ဘာတွေလုပ်ဖို့ကျန်နေသေးလဲ... ဘာတွေဆက်လုပ်ချင်သေးလဲ"

Match Made In Clouds Where stories live. Discover now