"အစ်ကိုရယ်"

အာကာ အစ်ကို့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်မိသည်... အစ်ကိုက မငိုပါ... သို့သော် မျက်ဝန်းတွေက စိုစွတ်နေသည်... ပင်ပန်းခဲ့ရှာမှာပဲ... အာကာ အစ်ကို့ပုခုံးတွေကို ဆုပ်ကိုင်ထားရင်းမှ လက်မနှင့် ဖွဖွ ပွတ်ပေးနေမိသည်... ဒီလို ဆုံးရှုံးမှုမျိုး မကြုံဖူးသေးပေမဲ့ ကိုယ်ချင်းစာသည်... အစ်ကို ဖြစ်နေလို့ ပိုပြီး သနားမိရသည်...

"အစ်ကို့ ဖေဖေကရောဟင်"

"ဖေဖေက ဆုံးသွားတာကြာပြီ"

အာကာ့ရင်ထဲ နင့် သွားရသည်... အစ်ကို့ အကြောင်းကို ဒီ့ထက်ပိုပြီး စုံစမ်းခဲ့ဖို့ကောင်းသည်...  ဒီ့ထက်ပိုပြီး စောစောသိခဲ့ဖို့ကောင်းသည်... တစ်ယောက်တည်း များဖြစ်နေခဲ့ရတာလား အစ်ကိုရယ်...

"အစ်ကို"

အာကာ ခေါ်လိုက်သည့် တဒင်္ဂမှာ မော့ကြည့်လာသည့် မျက်လုံးဝိုင်းလေးတွေက အရည်ကြည်လေးတွေ လဲ့နေကြသည်... မျက်တောင်ထူစိတ်စိတ်တို့ကို တစ်ချက်ပုတ်ခတ်လိုက်တော့ ပေါက်ခနဲ ညာဘက်ပါးပေါ်ကို လိမ့်ဆင်းကျလာသည့် ပုလဲလုံးလေး တစ်လုံးက "အစ်ကို့နားမှာ နေရမည်" ဟု အာကာ့နှလုံးသားကို တံဆိပ်ရိုက်ပေးလိုက်တော့သည်...

အာကာက အစ်ကို့ပါး တစ်ဖက်ကို အုပ်ကိုင်ကာ မျက်ရည်သုတ်ပေးဖို့ လုပ်တော့ အစ်ကိုက အနေရခက်ပုံဖြင့် ခေါင်းကို တစ်ဖက်သို့ ရှောင်လွဲသွားသည်...

"အာ...sorry ကိုယ်က အဲ့ဒီလိုပဲ တစ်ခါတစ်လေ..."

အစ်ကိုက သူ့ပုခုံးပေါ်မှ အာကာ့လက်တို့ကို ဖယ်ချပြီး မတ်တပ်ထရပ်လိုက်သည်...

"မနက်စာ သွားစားချိန်ရောက်ပြီ"

အစ်ကိုက အာကာ့ရှေ့မှ လှည့်ထွက်ကာ သူ့အခန်းဘက်သို့ ပြန်ရန်ပြင်လိုက်သည်...

"အစ်ကို"

အာကာ နောက်မှနေ၍ လှမ်းခေါ်လိုက်တော့ ခြေလှမ်းတို့ကို ရပ်ပြီး အစ်ကိုက လှည့်ကြည့်လာသည်... သေချာပေါက် နှစ်သိမ့်မှုကို လိုအပ်နေသည့် ပုံစံလေးမို့ အာကာ အစ်ကို့ကို ထွေးပွေ့ပေးထားချင်မိသည်... အာကာ့ကို လှည့်ကြည့်လာသည့် အစ်ကို့မျက်လုံးလေးတွေထဲမှာလည်း တောင့်တမှု တစ်ခုခုကို မြင်နေရသည်...

Match Made In Clouds Where stories live. Discover now