အာကာက မေးခွန်းတွေ တရစပ်မေးတော့ အစ်ကိုက   ထုံးစံအတိုင်း မျက်ခုံးလေးတွန့်ကွေးကာ မော့ကြည့်လာပြီး...

"မင်း... အဝတ်အစား အရင်ဝတ်ဦး"

ထိုအခါမှ အာကာက တစ်ကိုယ်လုံးမှာ ပုဝါတစ်ထည်သာ ပတ်ထားမိကြောင်း သတိထားမိရတော့သည်...  ခုတင်ခြေရင်း စင်ပေါ်မှ luggage ကိုဖွင့်လိုက်ပြီး ဂျင်းဘောင်းဘီတစ်ထည်နှင့် ဟူဒီ အပြာရောင် တစ်ထည်ကို ထုတ်ယူလိုက်သည်... အစ်ကို့ရှေ့မှာ အတွင်းခံဘောင်းဘီ ဝတ်ဖို့လုပ်တော့ အစ်ကိုက မျက်နှာလွှဲသွားပြီး...

"မင်း... ရေချိုးခန်းထဲသွားဝတ်လေ"

"ဟင့်အင်း မသွားပါဘူး...တော်ကြာ အစ်ကို ဟိုဘက်ခန်းပြန်သွားမှာစိုးလို့"

အာကာ အဝတ်တွေမြန်မြန်လဲလိုက်ပြီး ခုတင်ဘေးမှ ထိုင်ခုံကို ဆွဲယူကာ အစ်ကိုနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်... အစ်ကိုက စကားတစ်ခွန်းမှ မပြောသေးဘဲ အာကာလုပ်သမျှကို လိုက်ကြည့်နေသည်...

"ကဲ ပြောပါဦး အစ်ကိုရဲ့"

အစ်ကိုက ခုမှ သတိရဟန်နှင့် အခန်းပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ဝဲကာ ကြည့်လိုက်ပြီး...

"မင်း တစ်ယောက်တည်းလား"

"အင်း...ဟုတ်တယ်... ကျွန်တော် တစ်ယောက်ထဲ solo trip ထွက်လာတာ... အစ်ကိုကရော"

"တူတူပဲ"

"ဟင်"

"ကိုယ်လဲ solo trip လာတာပဲ"

"ဟာ...တကယ်ကြီး ?"

အာကာ့ ရင်ထဲ လှိုက်ခနဲ ပျော်သွားရသည်မှာ ဟန်ပင်မဆောင်နိုင်... ဒါဆိုရင် အစ်ကိုက ဟိုအစ်မနဲ့ လာတာမဟုတ်ဘူးပေါ့...

"အစ်ကို ဟိုရက်တွေက ဘာလို့ ဖုန်းမကိုင်တာလဲဟင်"

အစ်ကိုက ဝရံတာတံခါးပေါက်မှ လှမ်းမြင်နေရသော တောင်တန်းတွေကိုငေးရင်း ခပ်တိုးတိုး ပြန်ဖြေလာသည်...

"မေမေ အရမ်းနေမကောင်းဖြစ်နေလို့ ကိုယ်ဖုန်းမကိုင်နိုင်ဘူး"

"ဟာ...ဟုတ်လား...အခုရော အစ်ကို့ မေမေ နေကောင်းသွားပြီလားဟင်"

"အခု ... အခု မေမေက မရှိတော့ဘူး"

"ဗျာ!"

အစ်ကိုက ခေါင်းကို အောက်သို့ ငုံ့သွားသည်...

Match Made In Clouds Where stories live. Discover now