"ကျစ်!"

ငြိမ်း မျက်ခုံးတန်းတွေက အလိုလိုစုကျုံ့သွားရပြန်သည်... ဒီကောင်လေးက လူကို ဘာထင်လို့ လာကြည့်နေရတာလဲ...

ခုနက သူ့ကို ဟွန်းအကျယ်ကြီးတီးခဲ့တာ မကျေနပ်၍ထင်သည်... မကျေနပ်လဲမတတ်နိုင်... ပြည်သူပိုင်လမ်းဆိုပြီး သွားချင်သလိုသွားနေလို့မှမရတာ... ကလေးတွေက ဒါတွေလဲ ဂရုစိုက်တတ်ကြမည်မဟုတ်ပေ... ပြီးတော့ ငြိမ်းကလည်း ကလေးတွေနှင့် စကားဖက်ပြောရမှာ စိတ်မရှည်တတ်...

ငြိမ်း ကားက လမ်းမဖက်ကိုချိုးကွေ့ခါနီးအထိ ထိုကောင်လေးက ရပ်ပြီးကြည့်နေသေးသည်ကို နောက်ကြည့်မှန်မှ တွေ့လိုက်ရသေးသည်... ငြိမ်း ခေါင်းကိုသာ အသာရမ်းပြီး ကုမ္ပဏီသို့သာ ဦးတည်လိုက်တော့သည်...

...........................................................................

"အဟက်"

အာကာ အသံထွက်၍ပင် ရယ်လိုက်မိသည်... ဒီလူ့မျက်ခုံးနှစ်ခု ဟိုဘက်ဒီဘက် ပူးပြီးများ အသေချုပ်ထားသလားတောင် ထင်ရ၏... တွေ့လိုက်တိုင်း အမြဲတမ်း မျက်မှောင်ကျုံ့ပြီး ချေမိုးနေတော့သည်ပင်...

"ဟိုကောင်လေး ဝင်လေ ခြံထဲကို...နေပူကြီးထဲ ဘာရပ်လုပ်နေတာလဲ"

လေးမောင်က ခြံထဲမှ ဒန်းပေါ်တွင် စာအုပ်ထိုင်ဖတ်နေရင်း အာကာ့ကို လှမ်း၍အော်သည်... အာကာက ကားဂိုထောင်ဘေးတွင် စက်ဘီးကိုထားလိုက်ပြီး လေးမောင်ရှိလာသို့ လာခဲ့သည်...

"မကြီးမငယ်နဲ့ကွာ အသက်၂၀ ပြည့်တော့မယ် အာတာပူစီတွေက ဝယ်လာပြန်ပြီ"

"ရော့...လေးမောင် တစ်ခုစား"

"တော်ပါကွာ...ငါ့ ဒီအရွယ်ကြီးနဲ့ အာတာပူစီ စားစရာလား"

"လေးမောင်ကလဲဗျာ... အာတာပူစီမှာ ၁၂ နှစ်နဲ့အထက် မစားရလို့များ rating သတ်မှတ်ထားလို့လားဗျ"

"မသတ်မှတ်ထားပေမဲ့ မင်းဟာက ကလေးကလားနဲ့"

"လေးမောင်တို့က အဲ့ဒါတွေခက်တာဗျ...ဒီမှာ...သားပြောပြမယ်...လောကကြီးမှာ လောကနီတိ တွေထုတ်ထားတာက သူတစ်ဖက်သားကိုထိခိုက်မှာစိုးလို့... ဒါပေမဲ့ ဘယ်သူ့မှမထိခိုက်တဲ့ အလုပ်မျိုးဆိုရင် အသက်အရွယ်တွေ ဘာတွေ ဂရုစိုက်မနေနဲ့ လုပ်ချင်တာသာလုပ်ပစ်...ပတ်ဝန်းကျင်က ကိုယ့်ကို ထမင်းမကျွေးထားဘူး...မသေခင်လေး ကိုယ်နေပျော်ဖို့က အဓိကပဲ"

Match Made In Clouds Where stories live. Discover now