ချယ်ရီက ဆေးအိတ်တွေကိုသိမ်းရင်း ငြိမ်းကိုပြောလာသည်...

"အာ...ငါ ရေစိုရတာမကြိုက်မှန်း နင်လဲသိရဲ့သားနဲ့ ပြီးတော့ လူတွေရှုပ်တယ်"

"နင့်ကားနဲ့ပဲ မှန်အလုံပိတ်ပြီးသွားကြမယ်လေဟာ...နော် လျှောက်ကြည့်ရုံလေးတင်ပါဟဲ့... ငွေနှင်းတို့ စင်ကာပူထွက်သွားကတည်းက ငါတစ်ခါမှ မလည်ရတော့ဘူး ပျင်းလို့သေတော့မယ် လိုက်ပို့ပါဟယ် နော် ငြိမ်း"

"ပို့ပေးလိုက်ပါ သားရယ်...ချယ်ရီလေးက အဖော်ဆိုလို့ သားပဲရှိတော့တာ...တစ်နှစ်လုံးလဲ သူ့ခမျာ ဆေးရုံဆေးခန်းပဲ ပြေးနေရတာ...ဒီကြားထဲ မေမေ့ဆီလဲ ပြေးပြေးပြီး လာကြည့်ရသေးတယ်"

ငြိမ်း သက်ပြင်းချလိုက်မိသည်... ချယ်ရီ့ကိုတော့ အားနာစရာမရှိပေမဲ့ မေမေက ပို့ဆိုတော့လဲ ပို့ပေးရတော့မှာပေါ့...

"အင်းလေ..အဲ့ဒါဆိုလဲ မနက်ဖြန်ပို့ပေးမယ်... တခြားဘယ်သူ့ခေါ်ချင်သေးလဲ"

"ဟယ်...တကယ်နော် ငြိမ်း... တခြားဘယ်သူ့မှမခေါ်ပါဘူး နင်စိတ်ရှုပ်နေမှာစိုးလို့...ငါတို့နှစ်ယောက်ပဲ သွားကြမယ်"

ငြိမ်း ခေါင်းညိတ်ပြလိုက်သည်... ဖေဖေ ဆုံးသွားပြီးကတည်းက ငြိမ်းဘဝမှာ မေမေပဲ ရှိတော့တာမို့ မေမေ့ကို အတတ်နိုင်ဆုံးစိတ်ချမ်းသာအောင်ထားရန် ငြိမ်းက ဆုံးဖြတ်ထားခဲ့သည်...

ခဏကြာတော့ ချယ်ရီကပြန်သွားပြီး မေမေကလည်း ဆေးအရှိန်ကြောင့် အိပ်ပျော်သွားခဲ့ပြီ... မေမေ့ကိုစောင့်ကြည့်ရန် ကြီးမေ နဲ့ စုစု ကိုသေချာမှာထားခဲ့ပြီး ငြိမ်းက မပြီးပြတ်သေးတဲ့ အလုပ်တွေဆက်လုပ်ရန် ကုမ္ပဏီသို့ ပြန်လာခဲ့ရသည်...

ငြိမ်းတို့လမ်းထဲကနေ ကားကိုကွေ့ထွက်လိုက်ပြီး လမ်းမဘက်ကိုထွက်ရန်ပြင်တော့ ခြံတစ်ခြံ၏ ရှေ့တွင် ခုနက အာတာပူစီတွေနှင့်ကောင်လေးကို တွေ့ရပြန်သည်... စက်ဘီးကို တွန်းလာပြီး ငြိမ်းကားကိုမြင်တော့ ခြံထဲဝင်ဖို့ပြင်နေရာမှ ရပ်သွားသည်... သူ့ရှေ့မှ ကားအဖြတ်တွင် သူ့အရပ်ရှည်ကြီးကို ငုံကိုင်းပြီးတောင်မှ ငြိမ်းကို ကြည့်နေလိုက်သေးသည်...

Match Made In Clouds Where stories live. Discover now