ထိုစဥ်က သူသည် ဆယ်နှစ်သားအရွယ်မျှသာရှိသေးသည်။ ထိုလူသည်ကား အသက်လေးဆယ်ကျော်။ ထိုလူသည် သူ့အတန်းဖော်တစ်ယောက်၏အဖေဖြစ်၏။

ပြဿနာအားလုံးသည် ထိုအတန်းဖော်က ရွယ်တူတန်းတူကျောင်းသားများနှင့် အနည်းငယ်ကွာခြားသည်ကို သူသတိထားမိသည့်အချိန်မှ စတင်လေသည်။

သူသည် ငယ်ငယ်တုန်းက အလွန်တက်ကြွပြီး ကူညီရိုင်းပင်းလိုစိတ်ပြင်းထန်သူဖြစ်သည်။ ထိုအတန်းဖော်သည် အိမ်တွင်းအကြမ်းဖက်မှုကိုခံစားနေရသူဖြစ်ကြောင်း သူဖော်ထုတ်လိုက်နိုင်သည့်အခါ လွန်စွာထိတ်လန့်ခဲ့ရသည်။ သနားတတ်သူပီပီ ထိုအတန်းဖော်ကိုကူညီဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။

အိမ်တွင်းအကြမ်းဖက်မှုကိုတိုင်တန်းနိုင်သည့် ဖုန်းနံပါတ်နှင့်လိပ်စာများအပြင် အခြားအချက်အလက်များကို နားလည်တတ်ကျွမ်းသူမှတစ်ဆင့် အကူအညီတောင်း၍စုဆောင်းခဲ့သည်။ ထို့နောက် ထိုအတန်းဖော်၏အိမ်ပြန်လမ်းမှာ ပိတ်စောင့်နေပြီး အကျိုးအကြောင်းရှင်းပြရင်း ထိုအတန်းဖော်အား အချက်အလက်တို့ကိုပေးလိုက်၏။

သို့သော် ထိုအတန်းဖော်ငတုံးကတော့ သူ့စကားများကိုကြားသည်နှင့် ခေါင်းပြုတ်ထွက်မတတ်ခါရမ်းပြပြီး ခါးခါးသီးသီးငြင်း၏။ သူကလည်း လက်မလျှော့ဘဲ ဆက်တိုက်တွန်းမိသည်။

သူတို့နှစ်ယောက်ငြင်းခုန်နေစဥ်မှာပင် သူတို့နားကိုကားတစ်စီးရောက်ချလာပြီး ကားပေါ်မှ ထိုအတန်းဖော်၏အ​ဖေဖြစ်သူ ဆင်းလာလေသည်။ ထိုလူက သူ့တို့ဘာဖြစ်နေကြသလဲဟုမေးသောအခါ သူက လိမ်လိုက်ဖို့ကြိုးစားပေမယ့် သူ့အတန်းဖော်ကြောင့်ပျက်စီးသွားရသည်။

သူ့အတန်းဖော်ပြောလိုက်သည့်စကားကြောင့် သူ့မှာ မိုးကြိုးအစင်းတစ်ထောင်ပစ်ချခံလိုက်ရသလိုပင်။

"သူက.. သူက.. ဖေဖေ့အကြောင်းတွေကိုရဲတိုင်ဖို့ပြော..ပြောနေတယ်" ဟုဆိုကာ သူပြောသမျှအကြောင်းအရာအားလုံးကို အကျဥ်းချုံး၍ပြောပြလိုက်လေသည်။ သူ့မှာ အံ့သြရလွန်း၍ ပါးစပ်ပင်မစေ့နိုင်ခဲ့။

ထိုအတန်းဖော်၏အဖေကလည်း အလွန်အံ့သြသွားပုံပေါ်၏။ အေးစက်ပြီး ခက်ထန်သောထိုလူ၏အကြည့်က သူ့တစ်ကိုယ်လုံးကို စကန်ဖတ်သလို အထက်အောက်စုန်ချည်ဆန်ချည်ရွေ့လျားသွားသည်ကို မြင်သည်နှင့် သူလည်း ထိုနေရာမှအမြန်ပြေးထွက်လာခဲ့မိသည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now