Chapter-17

6.1K 648 33
                                    

Unicode Version

နှစ်ဝက်စာမေးပွဲနီးကပ်လာသော်ငြား အတင်းအဖျင်းကြိုက်ကြသူတို့၏အာရုံကိုတော့ ထိုစာမေးပွဲက မတားဆီးနိုင်ချေ။

"ဟဲ့ နင်တို့သိပြီးပြီမလား။ ငြိမ်းသံလွင်ခက်နဲ့နှိုင်းအမြုတေတို့ ပြန်တွဲနေကြတဲ့ပုံပဲ"

"ပြန်တွဲတာဟုတ်မဟုတ်တော့မသိဘူး။ ဒီရက်ပိုင်း ငြိမ်းသံလွင်ခက်က နှိုင်းအမြုတေနားမှာ ကော်လိုကပ်နေတာတော့အဟုတ်ပဲ"

"ဟယ်.. သူမို့လို့ အရှက်မရှိ"

"အဲ့ဒါပြောတာပေါ့။ ဒါပေမဲ့ အဆိုးဆုံးကတော့ အငယ်အနှောင်းလို့ပြောနေကြတဲ့ဟိုကောင်လေးလေ.. နာမည်က ဘယ်သူ.."

"သွန်းစေဖြိုး"

"အေး.. ဟုတ်တယ်။ သွန်းစေဖြိုး.. သူကတော့ ဟာသကြီးဖြစ်ပြီး ကျန်ရစ်နေခဲ့ရတာပဲဟေ့။ ငါ့နှယ် ရယ်ရအခက် ငိုရအခက်"

"သူလဲ သနားတော့သနားပါတယ်ဟယ်"

"အမလေး.. ဘာကိုသနားတာတုန်း။ သူများအတွဲကို ဖျက်လိုဖျက်စီးလုပ်တုန်းကလုပ်ပြီး အခုမှပြန်ခံရတာ နည်းတောင်နည်းသေးတယ်"

"ငါကတော့ နှိုင်းအမြုတေကိုသိပ်သဘောမကျဘူးဟာ။ သူက အခုတလော ကျောင်းသားသမဂ္ဂရဲ့ဥက္ကဠနဲ့ တပူးပူးတတွဲတွဲလုပ်နေပြီးတော့ အခုငြိမ်းသံလွင်ခက်ကိုပါ....."

"အမလေး ရပ်ရပ်..အဲ့စကား ဒီနေရာမှာတင်ရပ်လိုက်။ နှိုင်းအမြုတေကိုအပုပ်ချဖို့ နင်မို့သတ္တိရှိတာ။ သူ့ကို ရန်သွားစမိလို့ တချို့လူတွေ ဘာဖြစ်သွားလဲဆိုတာ နင့်ကိုသတိပေးလို့လိုသေးလား"

တီးတိုးရေရွတ်​နေကြရာမှ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ပြီး ကျယ်လောင်လာသောစကားဝိုင်းကို အမှတ်မထင်ကြားလိုက်ရသော စွမ်းစေတမာန်ခမျာ စာကြည့်တိုက်ထဲကိုဝင်မည့်ခြေလှမ်းများ တုံ့ခနဲရပ်တန့်သွားရသည်။

ဤရက်ပိုင်းအတွင်းတွင် တက္ကသိုလ်နယ်မြေ၏နေရာအနှံ့မှာ နှိုင်းအမြုတေနှင့်ငြိမ်းသံလွင်ခက်တို့၏အကြောင်းအား မကြားချင်မှအဆုံး ကြားနေရသည်။

အစပိုင်းက သူလည်း ကောလဟာလသက်သက်သာထင်နေခဲ့သော်ငြား နှိုင်းအမြုတေနှင့်တွေ့ဖို့ ဒုတိယနှစ်ကျောင်းဆောင်ဘက်ကိုသွားချိန်မှာ ထိုကောင်လေးနောက်က တကောက်ကောက်လိုက်နေပုံရသော ငြိမ်းသံလွင်ခက်ကို တကယ်တွေ့လိုက်ရသည်။ နှိုင်းအမြုတေက သူ့ကိုတွေ့လိုက်တိုင်းမှာ ငြိမ်းသံလွင်ခက်ကိုမောင်းထုတ်တတ်သော်ငြား တကောက်ကောက်လိုက်နေခြင်းကိုတော့ လုံးဝမပိတ်ပင်လိုဟန်တူ၏။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Unde poveștirile trăiesc. Descoperă acum