Chapter-22

5.5K 661 25
                                    

Unicode Version

မျက်စိရှေ့မှာ မြင်နေရသောမျက်နှာလေးကိုငေးရင်း စွမ်းစေတမာန် ရင်တမမဖြစ်နေရသည်။ လေထုထဲမှာတော့ မသဲမကွဲအနံ့လေးတချို့က ရစ်ဝဲလျက်။

သူ စိတ်ဆိုးသွားတာလား။

စွမ်းစေတမာန်ပူပန်နေမိသည်မှာ နှိုင်းအမြုတေက သူ့အား လိုချင်တာရှိ၍ အနားကိုမရိုးမသားချဥ်းကပ်လာသူဟု အထင်လွဲသွားမည်ကိုပင်။ ထိုကိစ္စအတွက်အဖြေမှာ မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်သည်။ ဟုတ်သလားဆိုပြန်တော့လည်း မဟုတ်။ အခြေအနေမှာ ဤသို့နှယ် ခွတီးခွကျ။

သူ ထပ်ရှင်းပြဖို့ ပါးစပ်ဟမိခိုက်မှာပင် နှိုင်းအမြုတေက သူမထင်ထားသောစကားကို ဆိုလာသည်။

"အဲ့ဒီတစ်ယောက်က ဘယ်သူလဲဟင်"

သူစိတ်ပူနေရသည့်ကိစ္စဟုတ်မနေသည့်အတွက် ခပ်တိတ်တိတ်သက်ပြင်းချမိသော်လည်း အစအနမရှိသည့်မေးခွန်းအတွက် ကြောင်အသွားရသည်ကတော့ အမှန်ပင်။

ထို့ကြောင့် နားမလည်နိုင်ဟန်မျက်ဝန်းတို့ဖြင့် တစ်ဖက်လူအား ပြန်ငေးမိလေတော့ သူ့တုံ့ပြန်ပုံကြောင့် မေးခွန်းကိုရှင်းလင်းပြလာလေသည်။

"အဲ့ဒီကယ်တင်ရှင်ဆိုတာလေ.."

"သြော်..သူလား။ သူ့နာမည်က လပ်ကီး"

မခန့်မှန်းထားနိုင်သည့်မေးခွန်းပေမို့ ကြားကြားချင်း စွမ်းစေတမာန်မင်သက်သွားရသည်။ နှာခေါင်းဝမှာရစ်ဝဲနေသောရနံ့လေးသည်ကား ခံစားချက်မျိုးစုံသောင်းပြောင်းရောထွေးလျက်ရှိနေဆဲပင်။ မတိုင်မီက သူ အဖြေမှန်ကိုမရွေးတတ်ခဲ့သောအရာဟာ ယခုမှသာ အနည်းငယ်ကွဲပြားသွားရတော့သည်။

လေထုထဲမှာရောနှောနေသော သရုပ်မှန်မသဲကွဲခဲ့သည့်ရနံ့များထဲတွင် သဝန်တိုသောရနံ့တို့ ပြည့်သိပ်နေသည်ကို စွမ်းစေတမာန်ဥာဏ်အလင်းပွင့်သွားပြီးနောက်မှသာ သတိပြုမိသည်။ ဟိုးယခင်ကတည်းက သူသည် မနှစ်မြို့သည့်ရနံ့နှင့် သဝန်တိုသည့်ရနံ့တို့ကို မသဲကွဲခဲ့ခြင်းဖြစ်ရာ အခြေအနေအချိန်အခါကိုလိုက်၍သာ သူခန့်မှန်းခဲ့ရသည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now