Chapter-42

4.2K 459 14
                                    

Unicode Version

မြို့ပြင်ကိုထွက်သောလမ်းမထက်မှာ အပူတပြင်းရွေ့လျားနေသောကားတစ်စီးနှင့် ထိုကားပေါ်မှသောကများဟာ သွားရာလမ်းတစ်လျှောက် ပြန့်ကြဲနေခဲ့လေရာ ပူပြင်းသောရာသီဥတုသည်ပင် ပို၍တောက်လောင်လျက်သား...။

GPSမှာဖော်ပြနေသော တည်နေရာပြအမှတ်အသားလေးကတော့ တစ်နေရာတည်းမှာသာ မြဲမြဲမြံမြံရပ်တန့်နေလေသည်။

ထို့ကြောင့် စွမ်းစေတမာန်တို့ကလည်း ထိုနေရာကို မြန်နိုင်သမျှမြန်မြန်မောင်းနှင်လာခဲ့ကြသည်။ ထိုနေရာသည်ကား လူသူပြတ်လပ်သောဧရိယာတစ်ခုအတွင်းတွင် တည်ရှိလေရာ သူတို့လည်း ကားကို ခပ်ဝေးဝေးမှာရပ်ထားခဲ့ပြီး ထိုနေရာအထိရောက်ဖို့ကိုတော့ သူတို့၏ခြေထောက်များကိုသာ အားကိုးခဲ့ကြသည်။

ရည်ရွယ်ရာနေရာသို့ရောက်သောအခါ အိုမင်းဟောင်းနွမ်းနေသောအိမ်တစ်လုံးကို တွေ့လိုက်ရသည်။ အသံဗလံတို့ကား တိတ်ဆိတ်လျက်။ လူရိပ်သူရိပ်လည်း လုံးဝမတွေ့ရချေ။

အဖွဲ့ထဲမှာ အသက်အကြီးဆုံးလူဖြစ်သော ဦးထွန်းရှိန်က အဆောတလျင်မလှုပ်ရှားရန် အချက်ပြလာသဖြင့် သူတို့လူငယ်တစ်သိုက်လည်း အိမ်ကြီး၏ပတ်ပတ်လည်ကို ဦးစွာစစ်ဆေးကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

ထိုအခါ အိမ်ကြီး၏ အနောက်ဘက်ခြမ်းတွင်ရပ်ထားသော ခပ်သေးသေးထရပ်ကားတစ်စီးကိုသွားတွေ့သည်။ ရုတ်တရက်ဆိုသလို ထရပ်ကားပေါ်မှလူတစ်ယောက်ပြေးဆင်းလာသဖြင့် သူတို့မှာ အလျင်အမြန်ပြန်ပုန်းလိုက်ရသေးသည်။

ထိုလူက နောက်ဖေးပေါက်မှတစ်ဆင့် အိမ်ကြီးထဲကိုဝင်သွားပြီး အတွင်းရှိလူတချို့နှင့် စကားပြောနေသည်ကို သူတို့ကြားနေရသည်။ အသံများကိုနားထောင်ကြည့်ပုံအရ အိမ်ထဲမှာ လူသုံးယောက်ခန့်ရှိနေသည်ဟု ခန့်မှန်းလိုက်နိုင်သည်။

"ဝင်မလား.."

နံရံကိုအကာအကွယ်ယူရင်း အတွင်းဘက်ကိုချောင်းကြည့်နေသော စွမ်းစေတမာန်က ဦးထွန်းရှိန်အား လှမ်းမေးလိုက်သည်။

ဦးထွန်းရှိန် ဘာမှပြန်မဖြေနိုင်ခင်မှာပင် သူတို့၏အနောက်ဘက်ဆီမှ ခပ်ဆတ်ဆတ်အသံတစ်သံက ကျယ်လောင်စွာပေါ်ထွက်လာသည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now