Chapter-25

5.3K 590 24
                                    

Unicode Version

လတ်တလောမှာတော့ အိမ်ပြန်ချင်စိတ်မရှိတာကတစ်ကြောင်း၊ စာမေးပွဲနီးတာကတစ်ကြောင်းကြောင့် စွမ်းစေတမာန်တစ်ယောက် ဝဠာဟိန်းပိုင်၏အဆောင်ခန်းထဲမှာသာ သောင်တင်နေပေသည်။

အစပိုင်းတုန်းကတော့ ဝဠာဟိန်းပိုင်ဟာ အချစ်ငှက်နှစ်ကောင်ကြားမှာ Third Wheelဖြစ်ရတော့မည်ဟု ထင်ထားသော်လည်း မမျှော်လင့်ထားဘဲ နှိုင်းအမြုတေက သူ့အိမ်ကို ရက်ပိုင်းလောက်ပြန်နေရဖို့ အကြောင်းဖန်လာခဲ့သည်။

ထိုအကြောင်းကိုသိရစဉ်က ဝဠာဟိန်းပိုင်မှာ စွမ်းစေတမာန်ဖြစ်ပျက်နေသောပုံစံကိုကြည့်၍ မဖုံးနိုင်မဖိနိုင်ဘဲ ပြုံးလိုက်မိသေးသည်။ ထိုအတွက်ကြောင့် ဤရက်များတွင် စွမ်းစေတမာန်က သူ့အား အပြစ်မရှိအပြစ်ရှာ၍ ရန်လုပ်နေတော့သည်။

"ငါ့အင်္ကျီအစိမ်းလေး ဘယ်ရောက်နေတာလဲ"

စိတ်မရှည်ဟန်အထင်းသားပေါ်လွင်နေသော လေသံကြောင့် ဝဠာဟိန်းပိုင်လည်း ဖျတ်ခနဲလှမ်းကြည့်မိလိုက်ရာ စွမ်းစေတမာန်၏ မျက်နှာမှာ အလိုမကျမှုကြောင့်မှုန်ကုပ်ကုပ်သာ...။ နှိုင်းအမြုတေ အနားမှာ ကပ်နေခွင့်မရသော စွမ်းစေတမာန်အဖို့တော့ ဘာပဲလုပ်လုပ် စိတ်တိုင်းမကျလှပေ။

"ဗီရိုထဲမှာရှိမှာပေါ့"

"ရှာပြီးပြီ။ မရှိဘူး"

"မရှိရင်လည်း တခြားဟာဝတ်ပေါ့ကွာ။ လာရစ်မနေနဲ့"

ခန္ဓာကိုယ်အပေါ်ပိုင်းဗလာဖြင့် အခန်းထဲမှာ လျှောက်ပတ်သွားနေသော စွမ်းစေတမာန်သည် ကလေးတစ်ယောက်လို တဂျီဂျီလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပင်။

"အဲ့ဒါကိုဝတ်ချင်လို့ တမင်လိုက်ရှာနေတာလေ"

"ဒါဆိုလည်း ဘာမှဝတ်မနေနဲ့တော့။ တုံးလုံးသာနေ"

စိတ်မရှည်တော့သောဝဠာဟိန်းပိုင်ကလည်း ရွဲ့သည်။ သို့သော် ပိုပြီးဝါရင့်သောစွမ်းစေတမာန်က သူ့ထက် ပိုအရွဲ့တိုက်တတ်သည်။ ဝဠာဟိန်းပိုင်ပြောလိုက်သောစကားကို အတည်ယူ၍ တကယ်ကြီးအင်္ကျီမဝတ်ဘဲ အိပ်ရာပေါ်ကိုလှဲချ၍ဖုန်းသုံးနေသည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now