"အန်တီအေး မုန့်ဟင်းခါးနှစ်ပွဲ နံနံပင်မထည့်နဲ့နော်"
"အေးအေး သမီး"
မအေးတစ်ယောက် နဖူးမှာချိတ်ဆွဲနေတဲ့ချွေးစက်လေးတွေကိုလက်ဖမိုးနဲ့ခပ်ကြမ်းကြမ်း ဖိသုတ်ပစ်လိုက်ပြီး မုန့်ဖတ်ကိုပန်းကန်လုံးထဲ အလျင်အမြန်ထည့်လိုက်သည်။နံနက်ခြောက်နာရီခွဲသာရှိသေးသော်လည်း မအေး တစ်ကိုယ်လုံးကတော့ ချွေးပြန်နေလေပြီ။ပန်းကန်လုံးထဲကို မုန့်ဟင်းခါးရည်လောင်းထည့်လိုက်ပြီး ငရုတ်ဆီလေးခပ်ကာ ကလေးမလေးတွေရှေ့ ချပေးလိုက်သည်။
"မနက်စာဆို အန်တီအေးမုန့်ဟင်းခါးက အကောင်းဆုံးပဲ"
"အေးပါ သမီးရယ်"
အငွေ့တထောင်းထောင်းထနေသည့် မုန့်ဟင်းခါးဟင်းရည်အိုးကိုကြည့်ပြီး မအေး ကလေးမလေးကိုပြုံးပြလိုက်သည်။မုန့်ဟင်းခါးအိုးက တစ်ဝက်လျှော့ပြီ။နောက်ထပ်ဆယ်ပွဲလောက် ရောင်းရရင်တော့ ဒီနေ့ နေ့ပြန်တိုးလေးပေးနိုင်လောက်ပါရဲ့။မအေး တွေးလိုက်သည်။
ကလေးမလေးနှစ်ယောက်က မုန့်ဟင်းခါးစားနေရင်း ဂျပန်စာသင်မယ့်အကြောင်း နိုင်ငံရေးအကြောင်း ဒေါ်လာဈေးတက်နေတဲ့အကြောင်း ပြောနေကြသည်။မအေး သူတို့ပြောနေသမျှကို သေချာနားမလည်။ကိုယ့်အပူနဲ့ကိုယ်မို့ ကျန်တာတွေကလည်း ကြားတစ်ချက် မကြားတစ်ချက်။
နေအပူရှိန်က တဖြည်းဖြည်းမြင့်တက်လာသည်။မအေး မုန့်ဟင်းခါးတွန်းလှည်းလေးကို ဆွဲကာ အိမ်ပြန်လာခဲ့သည်။အိမ်ရှေ့တွင် စိတ်ပျက်လက်ပျက်ထိုင်နေသော ယောကျာ်းဖြစ်သူကိုသန့်စင်ကို မြင်လိုက်ရတာကြောင့် မအေး ရင်ထိတ်သွားသည်။ချစ်စ ကြင်နာစ အချိန်တုန်းကလို ယောကျာ်းကိုမြင်ရင် ချစ်ကြည်နူးသွားတတ်တဲ့ မအေးက အတိတ်တွင်ကျန်ခဲ့တာ ကြာပြီ။
"ယောကျာ်း ရှင် အလုပ်မသွားဘူးလား ဟင်"
မအေး တွန်းလှည်းကို အိမ်ထဲဆွဲလာရင်း အမောတကောမေးလိုက်သည်။ကိုသန့်စင်က လေးလေးပင်ပင် ခေါင်းယမ်းသည်။
"ရေသန့်စက်ရုံက ငါ့ကို အလုပ်ထုတ်လိုက်ပြီ အေး"
မအေး ရင်တွေတဒိတ်ဒိတ်ခုန်လာသည်။ကိုသန့်စင်သာ အလုပ်မရှိရင် အိမ်လခ ကလေးသုံးယောက်ရဲ့စားစရိတ်နဲ့ တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းဘယ်လိုလုပ်ရပါ့မလဲ။
![](https://img.wattpad.com/cover/298554906-288-k364344.jpg)