နောက်ဆက်တွဲ - ၂ (U+Z)

1.5K 88 0
                                    

(Unicode)

နောက်ဆက်တွဲ (၂)

       မဏိရောဂတိုင်း နှင့် မာဂရ တိုင်းပြည် နှစ်ပြည်၏ နှစ်ပြည်ထောင် ဆက်ဆံရေးက အထူး ကောင်းမွန်ခဲ့သည်။ ယင်းအချက်က တိုင်းပြည် နှစ်ခု၏ ရေမြေ့သခင် ပြည့်ရှင် နှစ်ပါးစလုံးက ရင်ဝယ်သားသဖွယ် အုပ်ချုပ်ခြင်းကြောင့် ဖြစ်နိုင်သလို ရှင်ဘုရင် နှစ်ပါး၏ ရင်ဘက်ချင်း နီးစပ်မှုကြောင့်လည်း ဖြစ်နိုင်လေ၏။

          မဏိရောဂတိုင်း စေသုဒ္ဓါပြည်ထောင်တွင် ယခုတော့ မာဂတိုင်းသူပြည်သားများ၏ နေအိမ်နှင့် ကုန်စည်ရွာငယ်များလည်း ရှိနေပြီ ဖြစ်သည်။ ရှင်ဘုရင် နှစ်ပါးသည် ပြည်ထောင် နှစ်ခု၏ လူမှုရေး၊ စီးပွားရေး အပြင် စစ်ရေး ကိုလည်း သံတမန်ခင်းကာ ငြိမ်းချမ်းစေခဲ့သည်။ ယခုတော့ ပြည်ထောင်နှစ်ခုအကြား စစ်ပွဲဟူ၍ မရှိတော့။ ရန်မီးက ထာဝရ ငြိမ်းမြ၍ သွားရှာလေပြီလည်း ဖြစ်၏။

         မဏိရောဂတိုင်းနှင့် မာဂရတိုင်းတို့တွင်သာ, သာယာအေးချမ်းသည် မဟုတ်။ ရာဇတိုင်းနှင့် ဒေဝတိုင်းတို့သည်လည်း စစ်မက် မရှိဘဲ ငြိမ်းချမ်း၍ နေသည်။ ထို့နောက်တွင် သူတို့ ပြည်ထောင်လေးခုက ထာဝစဥ် စစ်ပြေငြိမ်းရေး စာချုပ်ကို ပြည်ထောင် လေးခုမှ ရှင်ဘုရင်များ စုစည်း၍ ချုပ်ဆိုသည်။

        ဒေဝတိုင်း၏ ယခု ရှင်ဘုရင်သည် သူ၏ အဘိုးတော် မဟုတ်တော့ဘဲ သူ့မယ်တော်၏ အစ်မတော်ဖြစ်သူ ကိသာဒေဝီ၏ သားတော် ကိသာဗန္ဓက အုပ်ချုပ်နေသည်။ ပြည်ထောင် လေးခုလုံးက သွေးရင်းများ ဖြစ်သကဲ့သို့ ချစ်ကြည်ရင်းနှီးသူများ ဖြစ်ကြသည့်အတွက်လည်း ထိုထာဝစဥ် စစ်ပြေငြိမ်းရေးစာချုပ်က နှစ်ပေါင်းများစွာကြာ အထွန့်ရှည်ကာ တည်တံ့ နေလိမ့်မည် ဖြစ်ချေ၏။

       ယခု မဏိရောဂတိုင်း စေသုဒ္ဓါပြည်ထောင် နန်းရင်ပြင်ထက်ဝယ် သမုပါလနှင့်သမုသျှင် တို့က မြက်ခင်းပြင်ပေါ် ပြေးလွှား၍ ဆော့ကစား နေကြသည်။ နေရောင်ခြည် နွေးနွေးသည် ကောင်းကင်ပြင်မှ တစ်ဆင့် ထိုးနန်းရင်ပြင်ထက်သို့ ခပ်ပါးပါးကလေးသာ ဝဲဖြာကျနေလေ၏။ ကလေးငယ် နှစ်ဦးသည် ရယ်မောပျော်ရွှင်စွာဖြင့် ဆော့ကစားနေသည်။

The Story Of A Prince (Complete - BL)Where stories live. Discover now