အခန်း - ၁၀ (U+Z)

2.8K 316 0
                                    

(unicode)

အခန်း - ၁၀

မြို့တော်၏ နန်းမြို့ရိုး အနီးသို့ သူတို့လူစုက တဖြည်းဖြည်း ချဥ်းကပ်၍ လာကြသည်။ နန်းမြို့ရိုးနှင့် နီးကပ်လာသည်နှင့် အမျှ မင်းသား စက္ကပါလ၏ ရင်ခုန်သံများက မြန်ဆန်လာသည်။ ကြောက်ရွံ့ခြင်း မဟုတ်သော်လည်း အနည်းငယ် ကလေးတော့ စိုးထိတ်စိတ် ဝင်မိသည်။ အကယ်၍ သူတို့ ရုပ်ဖျက်ထားသည်ကိုသာ ဂိတ်စောင့်များ တစ်နည်းတစ်ဖုံ သိရှိသွားပါက သူတို့အားလုံးက မလွဲမသွေ အချုပ်ထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သူ၏ သက်တော်စောင့် ဝေဠုမဏိသည် အရှင်မင်းသား၏ ညာလက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း သူ၏ မျက်လုံးအစုံက နန်းမြို့ရိုးရှေ့မှ အစောင့်တပ်များကို ကြည့်သည်။ စုစုပေါင်း ကိုးယောက်ဖြစ်ပြီး တာဝန်ကျတပ်မှူးတစ်ယောက်က မြို့ရိုး၏ အထက်၌ ရှိနေသည်။

" ရပ်လိုက်စမ်း... ဘယ်လို သွားမှာလဲ "

" ဟုတ်ကဲ့... တောထဲကို သစ်သွားခုတ်မလို့ပါ၊ သာမန် အရပ်သားတွေပါ "

" နေအုံး ဟိုအထုပ်က ဘာလဲ ထုတ်ပြစမ်း "

" ဒါက ထင်းစည်းတွေပါ "

ပြောပြောဆိုဆိုနှင့် ဝေဠုမဏိက ချည်နှောင်ထားသည့် အထုပ်အား ထုတ်ပြလိုက်သည်။ အထဲမှ ထင်းစည်းများကို မြင်သည့်အခါမှ ရဲမက်များက ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံး၏ မျက်နှာကိုသေသေ ချာချာ ကြည့်၍ လက်ဝှေ့ရမ်း ပြလိုက်သည်။ စက္ကပါလက တိတ်တခိုး သက်ပြင်းချလိုက်သည်။ မယ်တော်၏ လက်ကို ကိုင်ထားသည့် သူ၏ ဘယ်ဘက်လက်က ချွေးစေးများ စိုရွှဲ၍ နေသည်။ သူတို့အုပ်စုက တဖြည်းဖြည်း နန်းမြို့ရိုး၏ အပြင်သို့ ထွက်လိုက်ကြသည်။ နန်းမြို့ရိုး၏ အပြင်သို့ သူတို့အားလုံး ရောက်ရှိသွားသည့်အခါမှ စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်ကြသည်။

သို့သော် ထိုအရာက စိုးရိမ်စိတ် အကုန်လုံး ပပျောက်သွားခြင်း မျိုးတော့ မဟုတ်ပေ။ ယခုသူတို့ လူစုက ဆယ်ယောက်သာ ရှိသေးသည်။ သူတို့က အုပ်စုသုံးစုခွဲ၍ တစ်သုတ်စီ ထွက်လာကြခြင်း ဖြစ်သည်။ သူတို့၏ နောက်၌ လူနှစ်ဆယ်ကျော် ကျန်ရှိနေသေးသည်။ စက္ကပါလက ခြေလှမ်းကို ခပ်သုတ်သုတ် လှမ်းရင်း မြို့ရိုးနှင့် ဝေးကွာသည့် နေရာသို့ ဦးတည်သွားသည်။ မြို့ရိုး၏ အရှေ့တူရူ၌ ကြီးမားသည့် ကုက္ကိုပင်ကြီး တစ်ပင်၏ အောက်၌ အရောက်တွင် စက္ကပါလက အနားယူလိုက်သည်။ သူတို့ပြန်လည် စုံဆည်းရန် ချိန်းထားသည့် နေရာ ဖြစ်သောကြောင့် သူက အေးအေးလူလူ ထိုင်ချလိုက်သည်။

The Story Of A Prince (Complete - BL)Where stories live. Discover now