အခန်း - ၃ (U+Z)

6.1K 551 2
                                    

(Uni Code)

အခန်း - ၃

ထိုတောတွင်းသား လူငယ်ကလေး၏ အသက်က အနည်းဆုံး နှစ်ဆယ့်သုံး နှစ်ခန့်သာ ရှိလိမ့်မည်ဟု တပ်မှုး ဒိဗ္ဗ ထင်မိသည်။ ဝါးကိုချွန်၍ ကိုင်ထားသည့် သူ့လက်တွေက အကြောစိမ်း ကလေးတွေ ထောင်နေသည်။ တောတွင်း ထဲ၌သာ ငယ်စဉ်ကတည်းက နေထိုင်လာခဲ့ဟန်တူပြီး ခပ်နွမ်းနွမ်း ဖျင်အင်္ကျီ တစ်ထည်ကို ကိုယ်တစ်စောင်း လုံရုံမျှသာ ဝတ်ဆင်ထားသည့် သူ၏ ပုံစံက တောတွင်းသား တစ်ဦးကဲ့သို့ ရှိနေသည်။ စူးရှသည့် အကြည့်၊ မည်းနက်နေသည့် မျက်ခုံး၊ ထင်ရှားသည့် နှာတံတို့က ထိုလူငယ်အား တောတွင်းသား တစ်ဦးကဲ့သို့ ထင်ရက်စရာ မရှိအောင် သူ့အား သစ္စာဖောက်၍ နေသည်။ သို့သော် ခြေထောက်၌ စီးထားသည့် ကောက်ရိုးဖြင့် ပြုလုပ်ထားသော မြက်ဖိနပ်ကြောင့် ဒိဗ္ဗ၏ အတွေးက ပို၍ မှန်ကန်သွားသည်။

မင်းသား စက္ကပါလသည် ကြောက်ရွံ့မှု မရှိသော်လည်း သေဘေးနှင့် ရင်ဆိုင်လိုက်ရသည့်အတွက် ထိတ်လန့်မှုက ရှိနေသေးသည်။ ငယ်ကျွန်ဖြစ်သည့် ဖေငယ်သည် ရေကြည် တစ်ခွက်ကို မင်းသားထံသို့ အပြေးအလွှား ဆက်သလိုက်သည်။ စက္ကပါလက ထိုရေတစ်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးက မီးဖိုဘေးတွင် ကျောချင်းကပ် အိပ်ပျော်နေသည့် သူ၏ အမှုထမ်း စောဝဏ္ဏနှင့် စန္ဒိတို့ နှစ်ဦးအား တွေ့သွားသည့်အခါ မျက်နှာထားက ချက်ချင်း တင်းမာသွားသည်။ ပြင်းပြလာသည့် ဒေါသကြောင့် လက်ထဲမှ ရေခွက်နှင့် ပစ်ပေါက်လိုက်သည်။

" တယ်...မခန့်လေးစားနဲ့ တပ်မှုးဒိဗ္ဗ ဒီငမိုက်သား နှစ်ယောက်ကို ယခုချက်ချင်း မဆိုင်းမတွဘဲ အဆုံးစီရင်စေ..."

မင်းသား စက္ကပါလ၏ ပြင်းထန်သော ဒေါသ အသံက ညဉ့်ငှက်များကိုပင် အိပ်ရာမှ လန့်နိုးသွား စေသည်။ စန္ဒိနှင့် စောဝဏ္ဏသည် အလူးအလဲ ထလိုက်ပြီး အခြေအနေအား ကြည့်လိုက်သည်။ ဖြစ်ပျက်နေသည့် အရာအားလုံးကို မျက်လုံးတို့မှ တစ်ဆင့် ဆင်ခြင်ပြီးသည့်နောက် ဒူးနှစ်ဖက်ကို မြေပေါ်သို့ ထောက်၍ ခေါင်းကို ငုံ့ထားလိုက်ကြသည်။ ယောကျ်ားရင့်မာကြီးများ ဖြစ်သော်လည်း ယခု သူတို့နှစ်ဦး၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရင်၍ နေသည်။ ထိုနည်းတူစွာပင် အရက်ခိုးများသည်လည်း ယခုအချိန်၌ ပြေ၍ သွားကြသည်။ ယခု သူတို့၏ ခေါင်းထဲ၌ ရှိသည့်အရာသည် မင်းသား စက္ကပါလထံမှ ထွက်ပေါ်လာမည့် အနိမ့်ဆုံးနှင့် အပေါ့ဆုံးသော အပြစ်ဒဏ်ပင် ဖြစ်လေသည်။

The Story Of A Prince (Complete - BL)Όπου ζουν οι ιστορίες. Ανακάλυψε τώρα