အခန်း - ၄၃ (U+Z)

1.8K 162 0
                                    

(Unicode)

အခန်း - ၄၃

        မဏိရောဂတိုင်း၊ စေသုဒ္ဓါပြည်ထောင်၏ နန်းတော်အတွင်း၌ ယနေ့တွင် မူးမတ်၊ သေနာပတိတို့ စည်ကားသိုက်မြိုက်စွာ ရှိနေကြသည်။ အသစ်ပြန်လည် တည်ဆောက်ထားသည့် နန်းမြို့ရိုးနှင့် နန်းရင်ပြင်တို့ကလည်း ဝင်းလတ်တောက်ပစွာ ရှိနေသည်။ အသစ်ပြန်လည်ခန့်ထားသည့် မင်း၊မူးမတ်များ စစ်သည်များက နန်းရင်ပြင်မှတဆင့် နန်းတော်ညီလာခံဆီသို့ ဦးတည်သွားကြသည်။ နန်းရင်ပြင်ထက်၌လည်း စေသုဒ္ဓါပြည်ထောင်မှ တိုင်းသူပြည်သား အမြောက်အများ ရောက်ရှိနေပြီး လူပင်လယ်ကြီးတမျှ ကြိတ်ကြိတ်တိုး များပြားလျက်ရှိ၏။ အထက်မှကြည့်ပါက လူများသည် ခေါင်းများကိုသာ မြင်ရသည့်အတွက် အစာကိုဝိုင်းအုံနေကြသည့် ပရွတ်ဆိတ်အုံကြီးသဖွယ် ရှိ၍ နေသည်။

          ယနေ့သည် စေသုဒ္ဓါပြည်ထောင်၏ တိုင်းသူပြည်သားများ အပျော်ရွှင်ရဆုံးနေ့ပင်ဖြစ်သည်။ ပြည်သူပြည်သားတို့သည် ကလေးလူကြီးမရွေး နန်းတော်၏ ရင်ပြင်သို့ အလုအယက် သွားလာနေကြသည်။ လူများကတိုးမပေါက်အောင် ကျပ်သိပ်နေပြီး လမ်းမလျှောက်ဘဲ လူတိုးခံ၍ပင် အရှေ့သို့ ရောက်ရှိလေသည်။ အဘယ့်ကြောင့် ဤကဲ့သို့ စည်ကားစွာ ရောက်ရှိလာရပါသနည်း။ တစ်ချက်သာရှိသည် ယနေ့သည် စက္ကပါလ၏ နန်းတက်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပမည့်နေ့ ဖြစ်သောကြောင့်ပင်။ ပြည်သူပြည်သားများ လေးစားထောက်ခံကြသည့် မင်းက နန်းတက်သည့်အခါ ပြည်သူပြည်သားအပေါင်းက လာရောက်ဂုဏ်ပြုရန် လိုအပ်သည် မဟုတ်ပါလား...။

        စက္ကပါလသည် သူ၏နန်းဆောင်အတွင်း၌ ရှိနေပြီး အခြေရံသင်းပင်များက သူ့အား မင်းမြှောက်တန်ဆာ ငါးပါး ဆင်မြန်းပေးနေကြသည်။ ရှင်ဘုရင်၏ ဝတ်စုံကို ဝတ်ဆင်ထားသည့်အခါ စက္ကပါလ၏ အသွင်က ထူးခြား ဆန်းသစ်၍ နေသည်။ မဏ္ဍိုင်တော်ကို ဦးခေါင်း၌ ဆောင်းပြီး ရှင်ဘုရင့်အထိမ်းအမှတ် ဓားကို လက်ထဲတွင် ဆွဲကိုက်လိုက်သည့်အခါ သူက ဘုရင်တစ်ပါးကဲ့သို့ ခမ်းနားသော အသွင်ကို ရုတ်ချည်း ရောက်ရှိသွားသည်။ ယခင်ကတည်းက စေသုဒ္ဓါပြည်ထောင်၏ ရှင်ဘုရင်နေရာက သူ့အတွက်လျာထားခြင်း ခံထားရသည့်အတွက် သူက များစွာ စိတ်လှုပ်ရှားခြင်းတော့ မဖြစ်မိပေ။ မင်းမြှောက်တန်ဆာ ငါးပါးဆင်မြန်းပြီးသည့်အခါ သူက သူ၏ နန်းဆောင်မှ ထီးဖြူဆောင်းကာ မူးမတ်ခြွေရံများနှင့် ထွက်ခွာ၍ လာသည်။

The Story Of A Prince (Complete - BL)Where stories live. Discover now