အခန်း - ၁ (U+Z)

28.3K 1.1K 14
                                    

(Unicode)

Title - The Story Of A Prince

Author - Ko_Koe

အခန်း - ၁

စေသုဒ္ဓါပြည်ထောင် မဏိရောဂတိုင်း၏ ပြည့်ရှင် မရိန်ဓတွင် သားတော်ကိုးပါး ရှိ၏။ ယင်းသားတော် ကိုးပါး အနက် အငယ်ဆုံးသားတော် ဖြစ်သည့် စက္ကပါလသည် စေသုဒ္ဓါပြည်၏ ပြည့်ရှင် မရိန်ဓ၏ အချစ်ဆုံး သားတော်လည်း ဖြစ်သည်။ မရိန်ဓသည် ယင်းသားတော်နှင့် ပတ်သက်၍ အရာအားလုံးတွင် အလေးပေးထားပြီး သားတော် စက္ကပါလ၏ အသက် တစ်ဆယ့်ရှစ်နှစ် ပြည့်သည့် နေ့တွင် မြို့ကြီး တစ်ခုအား အပိုင်စား အုပ်ချုပ်ခွင့် ပေးခဲ့သည်။ ထိုမျှအထိ သားတော်ငယ်အား အလေးပေးထားခြင်းသည် အနောက်နန်းဆောင် မိဖုရား ဒေဝစန္ဒီ ကြောင့်ဆိုလျှင် မမှားပေ။ မရိန်ဓသည် သူ၏ မိဖုရား သုံးပါးအနက် အနောက်နန်းဆောင် မိဖုရား ဒေဝစန္ဒီကို အချစ်ခင်ဆုံး ဖြစ်သည်။

မရိန်ဓသည် ဒေဝစန္ဒီအတွက် ဆိုပါက အရာအားလုံးကို စွန့်လွှတ်ပစ်ဖို့ အတွက်ပင် ဝန်မလေးချေ။ မိဖုရားကို ချစ်ခင် နှစ်သက်သည့် အတွက်ကြောင့်လည်း ယင်းမိဖုရား မွေးဖွားခဲ့သည့် သားတော် စက္ကပါလကို အခြားသော သားတော်၊ သမီးတော်များထက် ချစ်စိတ်ပိုခြင်းပင် ဖြစ်လေသည်။ ထိုအချက်ကို မင်းသားအချင်းချင်း၊ မိဖုရား အချင်းချင်းက မနှစ်မြို့ မကြည်လင်ကြသော်လည်း ပြည့်ရှင်မရိန်ဓသည် အရာရာကို မသိသလိုပင် လျစ်လျူရှူ့၍သာ ထားရှိခဲ့သည်။ အရေးကြီးသော အမှုအခင်းများ မဖြစ်ပေါ်မချင်း ပြည့်ရှင် မရိန်ဓသည် မင်းသား အချင်းချင်း၊ မိဖုရား အချင်းချင်း အင်အားပြိုင်မှုများကို ဝင်ရောက် စွက်ဖက်လိမ့်မည် မဟုတ်ချေ။

ယနေ့ မင်းသားငယ် စက္ကပါလသည် သူ၏ အုပ်ချုပ်ခံ ပြည်နယ်၏ နားတော်ရာ စခန်း၌ စံမြန်းနေချိန် ဖြစ်သည်။ မင်းသားငယ်သည် မြင်းစီးခြင်းနှင့် တောပစ်ထွက်ခြင်း၌ လွန်စွာ ဝါသနာထုံလေရာ မြင်းများကို လွန်စွာ နှစ်သက်သည်။ ယခု မြင်းတင်းကုတ်မှ သူ၏ မြင်းများကို ဂရုစိုက်မှု လျှော့နည်းသည် ဟူသည့် သတင်းကြောင့် ဒေါသထွက်သွားပြီး တာဝန်ရှိသူများကို သူ၏ ရှေ့တော်အရောက် သံတော်ဆင့်ကာ နှုတ်အမိန့် စေလွှတ်လိုက်သည်။ များမကြာမီ တာဝန်ရှိသူများ ရောက်ရှိလာပြီး သူ၏ ခြေတော်ရင်း၌ ခေါင်းငုံ့၍ ဝပ်တွား ခစားကြလေသည်။

The Story Of A Prince (Complete - BL)Where stories live. Discover now