အခန်း - ၃၂ (U+Z)

1.3K 151 0
                                    

(Unicode)

အခန်း - ၃၂

          သုံးရက်...။ သုံးရက်ဟူသော အချိန်အတွင်း စက္ကပါလတို့ သုံးယောက်က ခရီးကို အပြင်းနှင်ခဲ့သည်။ နေ့ဘက်တစ်လျှောက်လုံးတွင် ခရီးနှင်ပြီး အမှောင်ဝင်လာသည်နှင့် ခရီးကို ရပ်နားသည်။ လသာသည့် ညများတွင်တော့ ခရီးကို ဆက်၍ သွားသည်။ ထိုကဲ့သို့ မရပ်မနား ခရီးဆက်မှုတို့ကြောင့် သုံးရက်ဟူသော အချိန်တိုလေးအတွင်း၌ သူတို့က ဒေဝတိုင်းကို အဝေးမှ လှမ်းမြင်နေရချေပြီ။ ဒေဝတိုင်းသည် မြို့ရိုး သီးသန့်ထားရှိခြင်း မရှိဘဲ တောင်များပတ်လည် ဝိုင်းထားသည့်အတွက် ယင်းတောင်များကသာ ဒေဝတိုင်း၏ ဖျက်ဆီး၍မရသော မြို့ရိုးများ ဖြစ်၍လာသည်။

         သွားလာရေး ခဲခက်ပြီး လမ်းပန်း ဆက်သွယ်ရေးက မလွယ်ကူသည့် အတွက်လည်း ဒေဝတိုင်းသို့ ကုန်သည်များ အလာနည်းကြသည်။ ထို့အတွက်ကြောင့် ဆန်ရေစပါးကို တိုင်းပြည်၏ အနောက်ဘက်၌ ကိုယ်တိုင် စိုက်ပျိုး၍သာ ရိက္ခာအတွက် ပြုရသည်။ စက္ကပါလတို့လူစုသည် ဒေဝတိုင်း၏ နန်းမြို့ရိုးရှေ့သို့ ရောက်လာကြသည်။ တံခါးစောင့်မှ တာဝန်ကျသည့် တပ်သားသည် စက္ကပါလတို့အားကြည့်၍ ဆိုလိုက်သည်။

" ဘယ်ကနေ လာပါသလဲ၊ တံဆိပ်ပြားပြပေးပါ ဘယ်နှစ်ရက်လောက် နေမှာလဲ "

" ကျုပ်တို့က ခရီးသွားတွေပါ ဒေဝတိုင်းကို ကုန်သွယ်ဖို့ ရောက်လာတာပါ၊ ဒီမှာ ယာယီနေထိုင်ခွင့် ကဒ်ပြားများ ရှိသလား "

" တစ်ပတ်နေထိုင်ခွင့် ကဒ်ပြားရှိပါတယ် တန်ဖိုးကတော့ ကြီးတယ် အသပြာ ၅၀၀ ပါ "

       စက္ကပါလသည် ခေါင်းညိတ်လိုက်ပြီး ရွှေပြား ငါးရာ ကိုထုတ်ပေးလိုက်သည်။ အသပြာငါးရာဟူသည် ကြေးပြား ငါးရာကို ဆိုလိုခြင်းဖြစ်ပြီး စက္ကပါလပေးလိုက်သည့် ရွှေပြား ငါးရာသည် ကြေးပြား တစ်ထောင့်ငါးရာနှင့် ညီမျှသည်။ ထို့အတွက်ကြောင့် သူက သုံးယောက်စာ အဖိုးအခကို ​ပေးလိုက်ခြင်း ဖြစ်၏။ တံခါးစောင့်သည် စက္ကပါလထံမှ ရွှေပြား ငါးရာကို ယူလိုက်ပြီး သစ်သားပြား သုံးခုကို ပြန်လည်၍ ပေးလိုက်သည်။

The Story Of A Prince (Complete - BL)Tahanan ng mga kuwento. Tumuklas ngayon