Part🐠42(U)

964 62 4
                                    

ငါးနှစ်ခန့်ကြာသော်...

"ဟေး  အလွမ်း၊ဒီဘက်ကွင်းမှာ လယ်ခရုတွေပေါတယ်ဟေ့ လာကောက်လှည့်စမ်း။ဒီမယ် အလုံးကြီးတွေလဲ ချောလိုက်တာ။အိမ်မှာ သုပ်စားဖို့လာကောက်လှည့်လာ.."

မိုးရွာသီရောက်ခါစအချိန် မေလလယ်လောက်ဖြစ်တာကြောင့် မိုးဖြိုင်စပြုလာပြီ။မကြာခင် လယ်ကွင်းတွေမှာ စပါးကျဲတော့မှာကြောင့် မြက်နှုတ်သမားတွေနဲ့အတူ ကျွန်တော်ပါ လယ်ထဲထွက်ခဲ့ခြင်းဖြစ်သည်။မေမေကတော့ ခွင့်မပြုချင်ပေမယ့် ဒီလုပ်ငန်းတွေအပေါ် ကျွန်တော်အာသီသရှိလှတာကြောင့် တားလို့မရခဲ့။ညွှန်ကြားရုံလောက်ဖြင့်သာ ပြီးပေမယ့်၊ကျွန်တော်က လက်တွေ့လုပ်ရတာကို ပိုကြိုက်တယ်။ပျိုးကျဲတဲ့အခါတွေ၊ဓာတ်ဆားကျွေးတဲ့ အချိန်တွေမျာ ကျွန်တော်ကိုယ်တိုင်လုပ်ချင်ပေမယ့် နိုင်နင်းမှုမရှိတာကြောင့် မလုပ်ဖြစ်။မေမေကတော့ လယ်ထဲသွားနေတာတောင်အလွန်ကြီးဆိုကာ လုပ်ခွင့်မပေး။

"ဖေဖေပြန်တော့လေ..မိုးရွာလာတော့မှာ၊ဟိုဘက်မှာ မိုးတွေမှောင်နေတာပဲ။ပြန်တော့နော်.အအေးမိပြီးဖျားနေမယ်.."

အရင်ကထက် ငါးနှစ်ကြီးလာပြီဖြစ်တဲ့အရွယ်မှာ ဖေဖေ့ပုံစံက အဖိုးအိုပေါက်စပင်ဖြစ်လုနီးပြီ။ဒီအဖေ.ဒီအမေပိုင်တဲ့ လယ်ယာတွေခြံတွေက ကျွန်တော်ဦးစီးပြီးလုပ်ကိုင်နိုင်တဲ့အထိ အကျိုးပေးတယ်ပဲဆိုရမည်။လယ်ထဲမှာ ဘာမှလုပ်စရာမရှိဘဲ ဘိုးဘွားပိုင်လယ်တွေမလို့ ဖေဖေက အမြဲလာလာကြည့်တတ်သည်။သူလာရင်လဲ ပေါက်တူး၊ဒါမှမဟုတ်ရင် ကိုင်းခုတ်ဓားတစ်ချောင်းနဲ့ လယ်ကန်သင်းတွေကို ခုတ်နေတတ်သည်။
မြေဆီကောင်းတဲ့ကွင်းတွေမလို့ အထွက်နှုန်းလဲ တိုးသည်။

"မင်းရော မပြန်သေးဘူးလား။ငါပဲ ပြန်နှင့်လိုက်ရမလား။အရမ်းအကြာကြီး နေမနေနဲ့အုံး။မင်းအမေက ငါ့ကိုပဲ ဆူမှာ။သူ့သားကို ထားခဲ့ရလားဆိုပြီးတော့.."

"မဆူပါဘူးဖေဖေရယ်..ပြန်နှင့်လိုက်ပါ။ကျွန်တော် အရီးလေးတို့နဲ့ ခရုကောက်ပြီးပြန်လာခဲ့မယ်။ခရုသုပ်စားချင်ရင်တော့ ညကျမှာ ခြံထဲက အိမ်ကိုလာခဲ့."

ချစ်သောကြယ်တာရာ(ခ်စ္ေသာၾကယ္တာရာ)CompletedWhere stories live. Discover now