မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (36)

4.4K 544 62
                                    


မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးတော့မည့် သင်္ကြန်ရက်မြတ် ။ နောက်ဆုံးရက်ဆိုတော့ အတိုးချပြီး ပျော်မည့်သူများ ၊ သောက်စားကြမည့်သူများကြောင့် ဦးထွန်းညွှန့်က သူတို့လေးယောက်ကို တစ်ချက်လွှတ်အမိန့်ပေးလိုက်၏ ။ ညနေငါးနာရီထက် နောက်မကျစေဘဲ အိမ်အရောက်ပြန်ခဲ့ရမည်ဆိုသောအမိန့် ။ ထုံးစံအတိုင်း ကလေးများက အေးဆေးသော်လည်း ရွှေရိုးနောင်၏တာကတော့ တဆူဆူ ။ မကျေနပ်ကြောင်းကို မျက်နှာအမူအရာနှင့် ဖော်ပြသည် ။ မျက်လုံးချင်းဆုံအောင်မကြည့်ဘဲ မျက်နှာလွှဲထားတတ်သလို ၊ မတော်တဆများအကြည့်ဆုံလျှင်လည်း ဆတ်ခနဲအကြည့်လွှဲသွား၏ ။ ငါးရီထျိုးခါနီးလေ တာ့မျက်နှာက ပိုပျက်လေ ။ ပါးစပ်ကနေလည်း တတွတ်တွတ်ရေရွတ်နေသေး၏ ။ တာက အခြားသူထက်စာလျှင် ဖခင်ဖြစ်သူကို အနည်းငယ် ပိုကြောက်ဟန် ။ ဖခင်ဖြစ်သူကို မငြင်းဆန်နိုင်တော့ တာ့က သူ့ကို မဲတရားချသည် ။

ကလေးနှစ်ယောက်ကို အိမ်ပြန်ပို့မည်ဆိုလျှင် တာက တစ်ယောက်တည်း မဏ္ဍပ်တွင်ကျန်လိမ့်မည် ။ ထိုသို့ဆိုလျှင်လည်း သူ့မှာ နောက်ဆံတတင်းတင်း ။ သူ့ မမြင်ကွယ်ရာမှာသာ တာ တစ်ခုခုဖြစ်သွားလျှင်ဆိုပြီး တွေးမိပြန်တော့ အပူလုံးက ရင်ဝကို ခပ်ပြင်းပြင်းတက်ဆောင့်သည် ။

မဏ္ဍပ်တွင်ဖွင့်ထားသော ခပ်မြူးမြူးသီချင်းသံစဉ် ။ ထိုသီချင်းသံကိုကျော်အောင် စကားပြောရန်က ထင်သလောက်မလွယ် ။ တဒုန်းဒုန်းမြည်ဟီးနေသည့် အသံများကြောင့် သူက ခေါင်းပင်နောက်ချင်ချင်ဖြစ်လာသော်လည်း တာကတော့ ခန္ဓာကိုယ်ကို တလှုပ်လှုပ်နှင့် ။

" တာ "

အနားနားကပ်ခေါ်လိုက်သဖြင့် တာ အနည်းငယ်တော့လန့်သွားပုံ ။ " ပြော " ဆ်ိုပြိီးပြောသည့်အသံကလည်း မာဆတ်ဆတ် ။

" ကျွန်တော် ကလေးနှစ်ယောက်ကို အရင်ပြန်ပို့လိုက်ဖို့ ၊ တာရော တစ်ခါတည်းလိုက်မလား "

လိုက်လိုလိုက်ငြားဆိုသည့် မျှော်လင့်ချက်ရေးရေးနှင့် မေးမိခြင်း ။

" အခု ဘယ်အချိန်ရှိပြီလဲ "

" ငါးနာရီထိုးဖို့ ဆယ့်ငါးမိနစ် တာ "

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now