မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (19)

5.2K 678 74
                                    


ပီတာထွန်းညွှန့် ရွှေရိုးနောင်တို့၏ခြံရှေ့တွင်ရပ်၍ ချီတုံချတုံဖြစ်နေပြီး ခေါင်းကုတ်လိုက် ၊ လက်ကုတ်လိုက်နှင့် ဘာလုပ်၍လုပ်ရမှန်းလည်းမသိ ။ မည်သည့်အတွက်ကြောင့် သည်ခြံရှေ့ကိုရောက်လာမှန်းလည်း စဉ်းစားမရတော့ ။ ရောက်ပြီးမှတော့ မထူးတော့သဖြင့် တံခါးဘေးကိုပြေးကပ်ကာ ခြံထဲသို့ခိုးကြည့်လိုက်သည် ။ တကုပ်ကုပ်နှင့်အလုပ်လုပ်နေကြသူများကိုမြင်ရသောအခါ သက်ပြင်းချလိုက်မိ၏ ။ သူကြည့်မရသည့်ရွှေရိုးနောင်ကတော့ စွပ်ကျယ်တစ်ထည်နှင့်ပုဆိုးခပ်တိုတိုဝတ်၍ မီးဖိုရှေ့တွင်အလုပ်များနေသည်ကိုတွေ့ပြီး ပီတာထွန်းညွှန့်၏နှုတ်ခမ်းအစုံသည် ခပ်မဲ့မဲ့ ။

ခြံရှေ့မှဖြတ်သွားသည့်လူများကလည်း ကုန်းကုန်းကွကွဖြစ်နေသည့်သူ့ကို ကွက်ကြည့်ကွက်ကြည့်နှင့် ။လူကိုများ ပစ္စည်းခိုးမည့်သူဟု ထင်နေကြလားမသိ ။ ကုန်းနေသည့်ခါးကိုပြန်မတ်လိုက်ကာ ဟိုဟိုသည်သည်မျက်လုံးကစားလိုက်ပြီး အုတ်တံတိုင်းအောက်ခြေတွင်ကပ်ပေါက်နေသည့် မြက်ပင်လေးများကို ဆွဲနှုတ်လိုက်၏ ။ သူကနိုင်ငံကြီးသားပီသစွာနှင့် လမ်းသန့်ရှင်းလုပ်နေသည်ကိုပင် ဖြတ်သွားသည့်လူများက စောင်းကန်းစောင်းကန်းကြည့်သွားကြသေးသည်။

ဟင်း... လူချောလူလှကို မမြင်ဖူးကြဘူးထင်ပါရဲ့ ။

လူရှင်းသွားမှပြန်ထလိုက်၍ နောက်တစ်ကြိမ်ချောင်းကြည့်ရပြန်သည် ။

မီးဖိုကြီးနှစ်ဖိုနှင့် ဘာတွေတည်နေမှန်းတော့မသိ ။ တကယ်တမ်း ပီတာထွန်းညွှန့် မျိုးဝင်းတို့ကိုလှည့်ပတ်၍ ထွက်လာခြင်းဖြစ်သည် ။ သည်နားခဏဆိုပြီးထွက်လာရ၍ ထီးပါမလာပေ ။ မည်သည့်အကြောင်းကြောင့် သူကယခုလိုမျိုး လာလာပြီး ချောင်းနေရပါလိမ့် ။ ဝင်သွားလိုက်စမ်းပါဟု ကိုယ့်ကိုယ်ကိုယ်အားပေးနေသော်လည်း ခြေထောက်ကပါမလာ ။

ရွှေရိုးနောင် ကုလားပဲဆေးသည့်ရေများကိုခံထားသောဇလားထဲမှ ရေတစ်ပုံးခပ်ယူ၍ ခြံပြင်ဘက်ကိုထွက်ခဲ့လိုက်သည် ။ နွရောသီရောက်ပြီဆိုသည်နှင့် ရေကတဖြည်းဖြည်းခန်းလာပြီ ။ ယခင်အချိန်တွင် ခဏလေးနှင့်ပြည့်သည့် ရေတစ်စည်က ယခုလိုအချိန်မျိုးတွင်တော့ မိနစ်တော်တော်ကြာအောင်ပင် စောင့်ရသည် ။ ရွှေရိုးနောင်ကတော့ ရေချ်ိုအရင်းအမြစ်များကို နှမြောသဖြင့် ကိုယ်တိုင်လည်းရေလျော့သုံးသလို အငယ်နှစ်ယောက်ကိုလည်း ရေကိုချွေတာသုံးတတ်အောင် သင်ပေးဖြစ်၏ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now