ပန်းသွန်းမိုးရဲ့ အကြည့်က ထိုင်နေတဲ့ ဆောင်းရတုမေဆီ ရောက်သွားခဲ့တယ်။
သူမ တစ်ခါမှပင် မကြားခဲ့ဖူးတဲ့ ဆောင်းရတုမေဆိုသည့် ဒီအမျိုးသမီးက အမရာမှိုင်နဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာကို သူမ မမှန်းဆနိုင်ဘူး။ ကောင်းသော ပတ်သက်ခြင်းတော့ ဖြစ်ဟန်မတူဘူးဆိုတာတော့ သူမခံစားမိတယ်။
အမရာ; "မတွေ့တာ ကြာပြီနော်"
ဒေါ်အမရာမှိုင်က မျက်နှာမှာ အပြုံးတု တစ်ခုကို ဖော်ဆောင်လိုက်ပြီး ပန်းသွန်းမိုး ထိုင်ဖို့ လုပ်နေတဲ့ ခုံရဲ့ ဘေးက ခုံမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ မိုးတိုး မတ်တတ်နေနေသူတွေကိုလည်း ထိုင်ဖို့ လက်ဟန်ပြတယ်။
အိမ့်နဒီက သူမအဖေရဲ့ ဘေးက ခုံမှာ ဝင်ထိုင်ရင်း သူမအဖေကို စိုးရိမ်စွာ ကြည့်လိုက်မိတယ်။ ဒါပေမဲ့ သူမအဖေက သူမကို အပြုံးတစ်ခုနဲ့ တုံ့ပြန်လာခဲ့တယ်။ ထိုအပြုံးက သိပ်ပြီး မပီပြင်ပေမဲ့ သူမကို စိတ်ပူစရာ မရှိပါဘူးလို့ နှစ်သိမ့်နေသည့်နှယ်။
အခန်းထဲရှိ လူအားလုံးအနက် ဦးမြတ်သူကသာ အမရာမမှိုင်နဲ့ ဆောင်းရတုမေတို့ ပတ်သက်မှု အကြောင်းကို သိတဲ့ တစ်ဦးတည်းသောသူဖြစ်တယ်။
ဆောင်း; "အင်း မတွေ့တာ တော်တော်ကြာပြီ"
ဒေါ်ဆောင်းရတုမေရဲ့ တုံ့ပြန်ပုံက အေးစက်စက်ကြီးဖြစ်နေတာမို့ စာပွဲဝိုင်းကြီးက အနေခက်စရာဖြစ်သွားတယ်။ ဒေါ်အမရာမှိုင်ကတော့ ခပ်ပြုံးပြုံးပါပဲ။
"အမေတို့က သိနေကြတာလား"
မေးလိုက်သူမှာ အိမ့်နဒီပင်။
ဆောင်း; "အင်း သိတယ်"
အမရာ; "အထက်တန်း အတူတူ တက်ခဲ့ကြတာလေ"
နှစ်ယောက်သား တစ်ယောက်က အေးစက်စွာ ဆိုပြီး၊ တစ်ယောက် အပြုံးမပျက် နွေးထွေးစွာ ပြောတယ်။
အိမ့်နဒီက သူမ အမေ စိတ်မကြည်တာကို သတိထားမိတာကြောင့် ဘာစကားမှ မပြောရဲ့တော့ဘူး။ သူမ ငြိမ်ကျသွားတာကို သူမရှေြတည့်တည့်မှာ ထိုင်နေတဲ့ သွန်းနေခြည်က ချက်ချင်းသတိထားမိတယ်။
ဒါကြောင့် မျက်နှာရိပ် မျက်နှာကဲ ပြပြီး ဖုန်းကနေ မက်ဆေ့ပို့လိုက်တယ်။