အတန်းပိုင်ဆရာမကလည်း လာစောင့်ပေးတာကြောင့် အိမ့်နဒီကို လာစောင့်ပေးသူက ၂ယောက်ဖြစ်သွားခဲ့တယ်။
သူမတို့နှစ်ယောက်ဘဲ လွှတ်လွှတ်လပ်လပ်နေရမယ်လို့ထင်ထားတဲ့ သွန်းနေခြည်ကတော့ သနားစရာ ကောင်းစွာပင် ဆရာမရဲ့ဘေးက ခုံလေးမှာထိုင်ပြီး ရွှေရတီဦးတို့ လာပို့ပေးထားတဲ့ စာအုပ်တွေနဲ့ စာကြည့်နေရတယ်။ အိမ့်နဒီတို့အတန်းပိုင်ကလည်း သူမတို့ကို အင်္ဂလိပ်စာ သင်ပေးတဲ့ ခပ်ကြမ်းကြမ်း ဆရာမဖြစ်နေတယ်လေ။
ထိုအချိန်မှာ အိမ့်နဒီကတော့ ဆေးပေးထားတဲ့အရှိန်နဲ့ မှိန်းနေခဲ့တယ်။
"သွန်းနေခြည်"
"ရှင်"
ဆရာမရဲ့ အခေါ်ကို သွန်းနေခြည် လန့်ဖြန့်ကာ ထူးလိုက်တယ်။
"စာကို စိတ်မဝင်စားနေရင်လည်း မကြည့်နဲ့တော့ မနက်ဖြန်လည်း စာမေးပွဲဖြေရမှာမှ မဟုတ်တာ"
ထိုသို့ပြောပြီး စကားကို ခဏရပ်ကာ သူမရဲ့ လက်ထဲက စာအုပ်ကို ကြည့်တယ်။ ပြီးတော့-
"စာအုပ်က ပြောင်းပြန်နဲ့" လို့ ခပ်တိုးတိုးဆိုလာခဲ့တယ်။ထိုအခါမှ သွန်းနေခြည် သူမကိုယ်ကို စာအုပ်ကို ပြောင်းပြန်ကိုင်ထားတာကို သတိထားမိသွားတယ်။
ဒါကြောင့် ဆရာမကို အရှက်ပြေ တစ်ချက်ရီပြလိုက်ပြီး စာအုပ်ကို အတည့်ပြောင်းကိုင်လိုက်တယ်။အဲ့ဒါပြီး တစ်အောင့်နေတော့ ဆရာမကလည်း သူမကို ဘာမှ မပြောလာတော့ပဲ မြည်လာတဲ့ သူမရဲ့ ဖုန်းကို ကိုင်ပြီး အပြင်ထွက်သွားခဲ့တယ်။
ထိုအခါမှဘဲ သွန်းနေခြည် စာအုပ်ကို ဘေးချလိုက်ပြီး ပြတင်းပေါက်ဘောင်ကို မှီကာ သက်ပျင်းချလိုက်တော့တယ်။ သူမခန္ဓါကိုယ်ကြီးက တောင့်ပြီး တော်တော်ကြီး ညောင်းညာနေပြီလေ။
ဒါကြောင့် ခေါင်ကြည်သွားအောင် သီချင်းနားထောင်ဖို့ နားကြပ်လေးကောက်တပ်ကာ သီချင်းရွေးလိုက်တယ်။
သူမ သီချင်းရွေးလို့ မပြီးသေးခင်မှာပဲ မိန်းမကြီး တစ်ယောက်က အိမ့်နဒီရဲ့ ကုတက်ဆီကို လျှောက်လာပြီး အတက်အကျမရှိတဲ့ လေသံနဲ့ "အိမ့်နဒီ" ဆိုပြီး လာခေါ်လိုက်တယ်။
ထိုမိန်းမရဲ့ အသံက အနည်းငယ်ကျယ်ပြီး ဩဇာသံပါနေတာကြောင့် မှိန်းနေရာမှ အိမ့်နဒီက ချက်ချင်းမျက်လုံးဖွင့်ကြည့်လာခဲ့တယ်။