ပထမနှစ်ကျောင်းသူ ဖြစ်တာကြောင့် သွန်းနေခြည် တစ်ယောက် ကျောင်းကို စောစောရောက်နေခဲ့တယ်။
သူမ အဆောင်ကိုရောက်သွားပြီး ၂ရက်အကြာမှာဘဲ သူမအတွက် တက်ကြွပြီး စပ်စုတတ်တဲ့ အခန်းဖော်တစ်ယောက်ရလာခဲ့တယ်။
သူမရဲ့ အခန်းဖော်ကို သူမရဲ့ ပထမဆုံးအမြင်ကတော့--'ဆူညံတယ်'
ဒါပေမဲ့ တစ်ဖက်က အိမ့်နဒီကတော့ နေ့တစ်ဝက်လောက်ကြာပြီးတာတောင် ဘာစကားမှမပြောတဲ့ အခန်းဖော်ကြောင့် အနည်းငယ်လေးတောင် အနေမခတ်ဘဲ သူမရဲ့ ဖုန်းကိုကြည့်ပြီး ဟာသတွေဖတ်ကာ တစ်ဟားဟားရီနေခဲ့တယ်။
နောက်ဆုံးမှာတော့ သူမအခန်းဖော်က အနေအေးပြီး သူစိမ်းတွေကို စကားစမပြောတတ်တဲ့ သူတစ်ယောက်ဖြစ်လိမ့်မယ်လို့ သတ်မှတ်လိုက်ပြီး အိမ့်နဒီသူမဘက်မှ အရင်နှုတ်ဆက်လိုက်တော့တယ်။
"ဟေး နင့်နာမည် ဘယ်လိုခေါ်လဲ"
မေးရင်းသူမရဲ့ ဖုန်းကို အဝေးမှာထားလိုက်တယ်။
"သွန်းနေခြည်"
"အိုးး သွန်းနေခြည် ငါ့နာမည်က အိမ့်နဒီ ငါတို့က အခန်းဖော်တွေဖြစ်သွားပီဆိုတော့ ရှေ့လျှောက်ရင်းရင်းနှီးနှီးနေကြတာပေါ့ နော့ "
အိမ့်နဒီ သူမရဲ့ လက်ညိုးနဲ့ လက်မကို သေနတ်ပုံစံလုပ်ပြီး ထောင်ကာ မျက်လုံးတွေကို ကွေးသွားတဲ့ထိ ပြုံးရယ်လိုက်ပြီး သူမရဲ့ အခန်းဖော်ကို မျက်ခုံးလေးတွေပါ ပင့်ပြီး ပြောင်စပ်စပ်လုပ်ပြလိုက်တယ်။
သွန်းနေခြည်ကတော့ မျက်စိလေးတောင်လှန်ပြီးကြည့်မလာဘူး။ သူမရှက်ရှက်နဲ့ သူမလုပ်နေတာကို ရပ်လိုက်ရတယ်။ ဒါပေမဲ့ သူမလက်မလျော့သေးဘဲ စကားဆက်ပြောလိုက်တယ်။
"ငါက S မြို့က နယ်မြို့လေးလေ နင်ကော ဘယ်ကလဲ? "
"M မြို့က"
"အဲ့ကလား အဲ့မှာ ငါတို့ဘကြီးတွေရှိတယ်။ နောက်ခါ ဘကြီးတို့ဆီလာရင်းနင့်ဆီလာလည်လို့ရတာဘဲ"