ထိုကိစ္စဖြစ်ပြီးတော့ သူမတို့ အိမ့်နဒီဆီ ထပ်မသွားဖြစ်တော့ဘူး။ ဒီလိုနဲ့ စာမေးပွဲပြီးသွားတော့ သူမတို့တွေ ကိုယ့်မြို့ကိုယ်ပြန်ပြန်ခဲ့ကြတယ်။ သူမတို့တွေ တစ်ခါတစ်လေ လိုင်းပေါ်မှာ စကားပြောတာကလွဲပြီး သိပ်မဆက်သွယ်ဖြစ်ခဲ့ကြဘူး။
ဒါပေမဲ့ သွန်းနေခြည်နဲ့ အိမ့်နဒီတို့ကတော့ နေတိုင်းနီးပါး ဖုန်းပြောကြတယ်။ ဒီလိုနဲ့ ကျောင်းပိတ်ထားတာ ၁လကျော်လာခဲ့တယ်။
"အိမ့်လေး ရည်းစားနဲ့ပြောနေတာလား ဖုန်းပြောတာက မပြီးတော့ဘူးလား သွားမယ်ဆိုတာကို"
ငွေနှင်းမှုံက အိမ့်နဒီကို စိတ်မရှည်စွာ အော်ခေါ်တယ်။ သူမတို့က ရွာဘက်က ငွေနှင်းမှုံရဲ့ ဂျူနီယာတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို သွားကြမလို့ဖြစ်တယ်။ အိမ့်နဒီက သွားခါနီးမှာ သွန်းနေခြည်ဆီက ဖုန်းဝင်လာတာမို့ ဖုန်းထိုင်ပြောနေခဲ့ခြင်းပင်။ သွန်းနေခြည်က သူမကို ဆိုင်ထိုင်နေတုန်း ပြဿနာအရှာခံရတဲ့အကြောင်းကိုပြောပြနေခြင်းပင်။
"ချပီနော် ဒေါ်လေးမှုံမှုံ ငါ့ကို အော်နေပီ ညမှအဆက်နားထောင်ဖို့ ပြန်ဆက်လိုက်မယ်"
အိမ့်နဒီ သွန်းနေခြည်ကို နှုတ်ဆက်ကာ ဖုန်းချလိုက်တယ်။ တစ်ဆက်တည်း "လာပီ လာပီ" ဟု အော်ကာ အပြင်ကို ပြေးထွက်လာလိုက်တယ်။ သူမအဒေါ်က သူမကို အိမ်ရှေ့မှာစောင့်နေပြီဖြစ်တာကြောင့် အဆင့်သင့် ကားထဲဝင်ထိုင်လိုက်တယ်။
ပြီးတော့ တူအရီးနှစ်ယောက် ရွာဘက်ကို မောင်းလာခဲ့ကြတယ်။ လမ်းကလည်း တောက်လျောက်ကောင်းနေပြီဖြစ်တာကြောင့် သူမတို့ တူအရီး နာရီဝက်တောင်မမောင်းလိုက်ရပဲ ထိုမင်္ဂလာပွဲကို ရောက်လာခဲ့ကြတယ်။
သူမတို့ ရောက်သွားသွားချင်းပဲ သတို့သမီးက သူမတို့ကို လာကြိုတယ်။ သတို့သမီးက အသက် ၃၀လို့ မထင်ရအောင်ကို တော်တော် နုပျိုတာကို သူမတွေ့လိုက်ရတယ်။
ဧည့်ခံတဲ့ သူတွေကလည်း ဖော်ရွေပြီး မုန့်ကလည်း စားကောင်းတာကြောင့် အိမ့်နဒီ သုံးပွဲလောက် ဆွဲပစ်လိုက်တယ်။ ပြီးတော့ လာချပေးတဲ့ လက်ဖက်ရည်ကြမ်းကို သောက်ရင်း ဟိုဟိုသည်သည် လိုက်ကြည့်နေမိတယ်။