တစ်ဖက်ရှိ လုထောင်ကမူ ချန်းကျင်းထက်ပို၍ တည်ငြိမ်နေခဲ့ပါ၏။ အခန်းအတွင်းသို့ ဝင်ပြီးသည့်နောက် သူသည် သူ၏အပေါ်ကုတ်ကို ချွတ်လိုက်ကာ ၎င်းအောက်ရှိ စစ်တပ်ယူနီဖောင်းကို ပြသလို့လာခဲ့သည်။

သူက ချန်းကျင်းကိုကြည့်ရင်း စကားဆို၏။

"လိုချင်တာ တစ်ခုခုရှိလို့လား? ကိုယ် သူတို့ကို မှာလိုက်မယ်"

ချန်းကျင်းက ကပျာကယာ ခေါင်းယမ်းပြမိသည်။

"ဟင့်အင်း။ ဘာမှမလိုပါဘူး"

ထိုအခါ လုထောင်သည် ဘာစကားမျှမဆိုပါဘဲ သူ့ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်လာခဲ့၍ ပြီးနောက် ရုတ်တရက် ဤသို့ ဆိုလာလေ၏။

"ကုတ်အကျႌချွတ်လေ?"

"ဟင်!"

ချန်းကျင်း၏မျက်ဝန်းများမှာ ထိတ်လန့်စရာတစ်ခုခုအား ကြားလိုက်ရသည့်နှယ် ပြူးကျယ်လျက်။ ကျိန်းသေပေါက် သူ၏ယခုကဲ့သို့သော တုံ့ပြန်ပုံက တစ်ဖက်လူအား စိတ်မပျော်မရွှင် ဖြစ်သွားစေခဲ့သည်ပင်။ လုထောင်က ယခင်ကထက်ပို၍ မျက်နှာထားကို တည်တည်ထားလိုက်ကာ အလေးအနက် စကားဆက်ဆိုလာခဲ့၏။

"မင်းချွေးထွက်နေတယ်မလား။ ဒီလိုဆက်နေနေရင် အအေးပက်သွားလိမ့်မယ်"

"ကျွန်..ကျွန်တော် အဆင်ပြေပါတယ်.."

ချန်းကျင်းသည် သူ၏ကုတ်အကျႌကို မချွတ်ရဲခဲ့ပါပေ။ မတော်တဆ လုထောင်က တစ်ခုခုအား သတိထားမိသွားမည်ကို သူလွန်စွာမှ စိုးရွံ့မိသည်။ ဝမ်းဗိုက်က အရမ်းမသိသာသေးသည့်တိုင် သူသည်ကား အတွင်း၌ အကျႌနှစ်ထပ်သုံးထပ်မျှ ဝတ်ထားမိကာ တစ်ထည်ဆိုလျှင် အတော်လေးထူသော ဆွယ်တာအကျႌဖြစ်နေရသေး၏။ ထို့အပြင် လုထောင်က အမြင်စူးရှသည့်နေရာ၌ နှစ်ယောက်မရှိ။ ကျိန်းသေပေါက် တစ်ခုခု မူမမှန်ဖြစ်နေကြောင်းကို သတိထားမိသွားမှာပင်။

ထိုအခါ လုထောင်က မျက်မှောင်ကြုတ်ကာ သူရှိရာထံသို့ တစ်လှမ်းချင်း လှမ်းလာခဲ့၏။ အခန်းက သိပ်မကျယ်သည့်အပြင် ခြေလှမ်းကျယ်ကျယ်လှမ်းတတ်သော လုထောင်၏ကျေးဇူးကြောင့် အကြင်သူသည် တစ်ခဏအတွင်းပင် ချန်းကျင်းရှိရာထံသို့ ရောက်လာခဲ့ရသည်။ ထိုအခါ ချန်းကျင်းလည်း ကြောင်သွားမိ၍ မသိစိတ်အလျောက် အနောက်ဘက်သို့ တရွေ့ရွေ့ဆုတ်မိရာ နောက်ဆုံး နံရံနှင့်ကျောနှင့် ထိကပ်သွားချိန်မှသာ သူ၏လှုပ်ရှားမှုများလည်း ရပ်တန့်သွားခဲ့ရသည်ပင်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now