၁၈

12.9K 1.8K 33
                                    

Unicode

အနိုင်ကျင့်ခံသားကောင်ဖြစ်ခဲ့ဖူးသော တစ်စုံတစ်ယောက်

နောက်တစ်နေ့ရောက်သောအခါ လုထောင်သည် ကုထုံးအတွက် သူနှင့်ရင်းနှီးသော စစ်ဌာနချုပ်ရှိ ကိုယ်ပိုင်ရုံးခန်းသို့ သွားရန်ပြင်ဆင်၏။ သူသည် ချန်းကျင်းအား မိမိနှင့်အတူ လိုက်ရန် ခေါ်ခဲ့သော်ငြား ချန်းကျင်းကမူ ငြင်းပယ်ခဲ့လေသည်။

ဖေလီက လုထောင်ကို ခေါ်ဆောင်သွားပြီးနောက်တွင် ချန်းကျင်းသည် အော်ဒါမှာထားသော ဂါဝန်ကို ယခင်က ရခဲ့ဖူးသည့် လက်ဆောင်ဘူးထဲတွင် ထည့်လိုက်၏။ လက်မှုလုပ်ငန်းများကို အင်ပါယာကမ္ဘာ၌ တရားဝင်ခွင့်ပြုထားခြင်း မရှိသောကြောင့် ၎င်းပစ္စည်းများအား ပုံမှန်စနစ်အတိုင်း ပို့ဆောင်၍မရပါပေ။ သူသည် ကားကို လမ်းနှစ်ပြစာတွင် ရပ်ထားခဲ့၍ လက်ဆောင်ဘူးကို သေချာကိုင်လျက် ဆိုင်ထဲသို့ လျှောက်ဝင်လာခဲ့သည်။

လွန်ခဲ့သောအတိတ်အခါက ချန်းကျင်း ၎င်းလမ်းထက်သို့ ရောက်သည့်အချိန်တိုင်းသည် တိုက်ပွဲမြေပြင်ကို ရောက်နေသကဲ့သို့ ဖြစ်ရ၏။ လမ်းတစ်လျှောက်မှ ဆိုင်ရှင်တိုင်းသည် သူ့ကိုမြင်သည်နှင့် နွေးနွေးထွေးထွေး ဆီးကြိုကြကာ ဆိုင်ထဲသို့ အသီးသီးခေါ်ဆိုလျက် နောက်ဆုံးပေါ် ပစ္စည်းများကို မိတ်ဆက်ပေးလေ့ရှိကြသည်။ ယခုတွင်မူ ချန်းကျင်းသည် မိမိ၏ရုပ်သွင်ကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားဖို့ လိုအပ်လေရာ ယခင်ကကဲ့သို့ ထင်ထင်ပေါ်ပေါ် မနေပါဘဲ ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်း၍ ချောင်ကျသော အနောက်လမ်းမှတစ်ဆင့် ဆိုင်ထဲသို့် ဝင်လာရ၏။

သို့သော် ယနေ့အတွက် သူကံမကောင်းပါပေ။

အနောက်တံခါးကို ဖွင့်၍ဝင်လာလာချင်းပင် ဈေးကြီးသော အဝတ်အစားများနှင့် တန်ဖိုးမြင့် နာရီတစ်လုံးကို ဝတ်ဆင်ထားသော ဝယ်သူတစ်ယောက်က အန်ဒီနှင့် စကားပြောနေကြောင်း တွေ့လိုက်ရလေ၏။ အန်ဒီကိုကြည့်ရသည်မှာ အတော်လေး စိတ်မရှည်ဖြစ်နေသည့်ပုံပင်။ သူသည် ချေးများတတ်လွန်းသော ဝယ်သူများကို အလိုကြိုက်အလိုက်ဆောင်ရာတွင် သိပ်မတော်သဖြင့် ထိုကဲ့သို့သော ကူကယ်ရာမဲ့သည့် အချိန်အခါမျိုးတွင် ချန်းကျင်းအား မြင်လိုက်ရသောအခါ အလိုအလျောက် ပျော်ရွှင်သွား၍ အော်ခေါ်လိုက်မိလေ၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now