၂၄

12.8K 1.9K 80
                                    

Unicode

အိုက်ရွှယ်နဲ့ရန်းချီက ညီအစ်ကိုတွေတဲ့လား!?

အမှန်မှာမူ အင်ပါယာကမ္ဘာ၌ တည်ထောင်သူ(ဒေသခံ)မိသားစုမျိုးနွယ်များစွာ ရှိပေ၏။ ကောလာဟလများအရဆိုလျှင် ၎င်းကမ္ဘာပေါ်ပေါက်စဉ်အခါက သက်ရှိလူသားများလည်း တစ်ယောက်မျှ မရှိဟု ဆိုကြသည်။ လေ့လာရေး ခရီးသွားပညာရှင်တစ်စုက ၎င်းကမ္ဘာကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်၍ ထို့နောက် ဤနေရာ၏ အလှအပကို သဘောကျသဖြင့် ပထမဆုံးအကြိမ် ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်လေ၏။ သို့နှင့် ထိုလူများက အင်ပါယာကမ္ဘာကို ဦးစွာရှာဖွေတွေ့ရှိသူများ ဖြစ်လာကြ၍ သူတို့၏နောက်မျိုးဆက်များက "တည်ထောင်သူ"များ ဖြစ်လာကြခြင်းပင်။

"တည်ထောင်သူ" မျိုးနွယ်များသည် မိမိတို့၏မျိုးရိုးနာမည်နှင့် ၎င်းမိသားစုဝင်ဖြစ်နေသမျှ ကာလပတ်လုံး အထူးအခွင့်အရေးများစွာကို ခံစားရနိုင်ပေသည်။ ဥပမာအားဖြင့် ဘဝတစ်လျှောက်လုံး အင်ပါယာကမ္ဘာ၌ နေထိုင်ခွင့်ရှိ၍ အကောင်းဆုံးသော လူမှုအခွင့်အရေးများကို ရရှိနိုင်ခြင်းမျိုးပင်။ ၎င်းတည်ထောင်သူမျိုးနွယ်တို့သည် နှစ်ရာပေါင်းချီကြာပြီးနောက်ထိ အသက်ရှင်ကျန်ရစ်နေခဲ့၍ ယခုမူ လူအင်အားတောင့်တင်းသော မိသားစုကြီး ၁၀ စုပင် တည်ရှိနေသေးလေ၏။

ရိုင်ဂျယ် မိသားစုနှင့် ရန်းမိသားစုမှာလည်း ၎င်းတို့ထဲမှ အပါအဝင် ဖြစ်သည်။

ချန်းမိသားစုသည်လည်း အင်ပါယာကမ္ဘာသို့ ရောက်ရှိလာပြီးနောက်တွင် ၎င်းတည်ထောင်သူမျိုးနွယ်များနှင့် အဆက်ဆံရှိခဲ့ဖူး၍ ရန်းမိသားစုနှင့်က အရင်းနှီးဆုံး ဖြစ်ခဲ့ရလေ၏။ ရန်းချီက ရန်းမိသားစု၏ ၇ ယောက်မြောက်သော သားဖြစ်ကာ ချန်းကျင်းနှင့်လည်း သက်တူရွယ်တူဖြစ်သောကြောင့် သူတို့နှစ်ယောက်သည် ငယ်စဉ်ကတည်းမှစ အတူကစား၍ ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူတို့၏ဆက်ဆံရေးမှာ ငယ်ရွယ်စဉ်က အလွန်ပင် ကောင်းမွန်ခဲ့ပေ၏။

သို့သော် ဆယ်ကျော်သက်အရွယ် ရောက်လာချိန်တွင်မူ မိသားစုနှစ်ခုကြားရှိ အဆက်အဆံက ရုတ်တရက် ပျောက်ပျက်လို့ သွားခဲ့ရသည်။ ထို့အပြင် ချန်းကျင်းနှင့် ရန်းချီ၏ စရိုက်တို့ကလည်း အချင်းချင်း မကိုက်ညီတော့သဖြင့် ယခင်ကကဲ့သို့ တတွဲတွဲ မရှိတော့ပါပေ။ ၎င်းအချိန်မှစ၍ သူတို့နှစ်ယောက် မတွေ့ဖြစ်သည်မှာ လေး ငါးနှစ်လောက် ကြာမြင့်ခဲ့ရပြီဖြစ်ကာ ကလေးဘဝမှ ရင်းနှီးမှုတို့ကလည်း အပြီးတိုင် ပျောက်ကွယ်သွားရလေတော့၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now