၃၃

12.1K 1.9K 110
                                    

Unicode

Winning Award

Orange Blossom ပါတီပွဲသည်ကား ဘလိုင်းဒိတ်သဘောမျိုးလည်း သက်ရောက်သဖြင့် ဖိတ်ကြားခံရသူ အမျိုးသားဧည့်သည်အများစုမှာ ငယ်ရွယ်၍ ရာထူးဂုဏ်အင်ရှိသော လူပျိုလူလွတ်များ ဖြစ်ကြ၏။ သည့်အတွက် ရှားပါးမျိုးစိတ်များနှင့် အချို့အမျိုးသမီးများသည် မိမိတို့မှာ အိမ်ထောင်မှုနိုင်နင်းသော လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်ကြောင်းအား ပြသနိုင်ရန်အတွက် ချည်ထိုးပြိုင်ပွဲ၌ ဝင်ပြိုင်လေ့ရှိကြပေသည်။ ၎င်းက တိတ်ဆိတ်ငြိမ်သက်၍ ကျွမ်းကျင်မှုလိုအပ်သော ပြိုင်ပွဲတစ်ခုပင်။

ချန်းကျင်းက တစ်နေရာ၍ဝင်ထိုင်ပြီးနောက် ဟိုဟိုဒီဒီ လှည့်လည်ကြည့်ရှုလိုက်ရာတွင် မစ္စချီမှာလည်း သူနှင့်ခပ်ဝေးဝေးတစ်နေရာ၌ထိုင်၍ ပြိုင်ပွဲအား ပါဝင်ဆင်နွှဲနေကြောင်း တွေ့လိုက်ရလေ၏။

အမှန်မှာမူ ချန်းကျင်းသည် အတိတ်အခါ၌ တူရိယာတီးခတ်သောပြိုင်ပွဲများကသာ နာမည်အကြီးဆုံးဖြစ်ခဲ့၍ ပါဝင်ဆင်နွှဲသူများလေ့ရှိသောကြောင့် ယခုချည်ထိုးပြိုင်ပွဲအား ဝင်ပြိုင်ရန်လက်ခံလိုက်ခြင်းပင်။ ပထမအချက်အနေဖြင့် ပြိုင်ပွဲအားနိုင်အောင်လုပ်၍ ရသည့်ဆုကို ယူရိခါနှင့်အလဲအလှယ်လုပ်မည်။ ဒုတိယအချက်မှာ သူ၏လက်ရှိဝတ်ထားသော အဝတ်အစားများကြောင့် ဖြစ်၏။ ၎င်းပုံစံက အတော်လေး လူကြည့်ခံရသည်ဖြစ်လေရာ သီးသန့်တစ်နေရာရာ၌ထိုင်၍ နေလိုက်လျှင် အတော်များများလည်း သူ့အား သတိထားမိတော့မည်မဟုတ်ဟု ထင်ခဲ့မိခြင်း ဖြစ်သည်။

သို့သော် အထင်နှင့်အမြင်က အနည်းငယ် ကွာဟသွားရ၏။ ဤနှစ်ပြိုင်ပွဲ ကျင်းပရာနေရာမှာ အတိတ်အခါကထက်ပို၍ ကြီးကျယ်ခမ်းနားကာ သတင်းထောက်များကလည်း နေရာအနှံ့ရှိနေသည်။ ထို့အပြင် ပွဲကြည့်ရှုသူဦးရေမှာလည်း အတွင်းရောအပြင်ရော ကြိတ်ကြိတ်တိုးလျက် ရှိလေရာ ချန်းကျင်းအား ပို၍စိတ်မွန်းကြပ်စေလေတော့၏။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏စားပွဲခုံပေါ်၌ ပစ္စည်းပစ္စယများကလည်း ပြည့်ညှပ်နေခဲ့သောကြောင့် ၎င်းတို့အား အကာအကွယ်ယူ၍ အနည်းငယ် ပုန်းကွယ်နိုင်လေသည်။ ထို့အပြင် သူ့အရှေ့တွင်လည်း ယူရိခါက ရှိနေသေး၏။ ထုထည်ကြီးမားသော ခန္ဓာကိုယ်တစ်ခု၏ကျေးဇူးဖြင့် ချန်းကျင်းသည် မိမိ၏မျက်နှာအား အပြည့်အဝ ကာဗာယူထားနိုင်လေရာ ဓာတ်ပုံအရိုက်ခံရမည့်အရေးနှင့် ပတ်သက်၍ အရမ်းစိုးရိမ်စရာမရှိပါချေ။

Application For Divorce  [ 离婚申请 ] Where stories live. Discover now