လုထောင်က တည်ငြိမ်စွာ အဖြေပြု၏။

"အင်း"

"ဪ.."

ချန်းကျင်းသည် ထိုမျှသာ အသံပြုခဲ့၍ ဘာစကားမျှ ထပ်ဆိုမလာခဲ့တော့ချေ။ ၎င်းနောက် သူသည် တစ်ဖက်သို့ သက်သက်မဲ့ လှည့်လိုက်ကာ တိုးဖွဖွ စကားဆိုလေ၏။

"ကျွန်တော် နားလိုက်ဦးမယ်"

ဆယ်နာရီကြာ ခရီးရှည်သည်ကား စစ်သားများအတွက် မပြောပလောက်သည့်တိုင် ချန်းကျင်းအတွက်မူ အတော်လေး အခက်တွေ့စရာ ကိစ္စဖြစ်ရသည်။ အထူးသဖြင့် သူက လုံးဝကို မလှုပ်ရဲသောကြောင့် ထိုင်ခုံသေးသေးလေးတွင်သာ ကျုံ့ကျုံ့ကလေး ထိုင်ရင်း ဝမ်းဗိုက်ဆီမှ ဆာလောင်မှုဒဏ်ကိုလည်း အချိန်တစ်ခုကြာမျှ သည်းခံနိုင်ရန် ကြိုးစားထားရပေ၏။ သို့သော် ရုပ်ပိုင်းဆိုင်ရာအရ အချို့ပြဿနာများကိုမူ သူဘယ်လိုမှ တောင့်ခံမထားနိုင်ခဲ့ပါချေ။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ အာကာသယာဉ်အသေးစားလေး၌ မည်ကဲ့သို့များ သန့်စင်ခန်းရှိနိုင်ပါလိမ့်မည်နည်း? ထို့ကြောင့် သူ့အနေဖြင့် အားကုန်သုံး၍ အောင့်ခံထားရန်သာ တတ်နိုင်ခဲ့ပေသည်။ သို့နှင့် နှစ်နာရီကြာမျှ အနားယူပြီးနောက်တွင် လုထောင်သည် ပုံမှန်အတိုင်း ခပ်မတ်မတ် ထိုင်လိုက်ကာ အသုံးပြုနေကျဖြစ်သော ကိုယ်ပျောက် light screen နှင့် အရေးကြီး အမှုကိစ္စများကို အလေးအနက် ဆွေးနွေးနေခဲ့လေ၏။

အမှန်အတိုင်းဆိုရလျှင် လုပ်ငန်းခွင်၌ လုထောင်အလုပ်လုပ်နေသော ပုံစံမျိုးက ချန်းကျင်းအတွက် မြင်ရခဲခဲ့ရသည်ပင်။ သို့သော် ယခုအချိန်တွင်မူ သူ့ထံ၌ ရှူးပေါက်ချင်သည့် ဆန္ဒသာ ရှိပေ၏။ သို့နှင့် တစ်ဖက်လူကို အကြိမ်အတော်ကြာသည်အထိ ကွက်ကြည့်ကွက်ကြည့် လုပ်မိပြီးနောက်ဆုံးတွင် လုထောင်က ဤကဲ့သို့ အမေးဆိုလာခဲ့လေတော့သည်။

"မင်း သန့်စင်ခန်း သွားချင်လို့လား?"

ချန်းကျင်း၏မျက်နှာမှာ တမဟုတ်ချင်း နီမြန်းသွားရ၏။ သို့သည့်တိုင် သူသည် ဆက်၍တောင့်မခံနိုင်တော့သလို ငြင်းဆန်နိုင်စွမ်းလည်း ရှိမနေတော့ပါချေ။ ထို့ကြောင့် အဆုံး၌ ရှက်ရှက်နှင့်သာ ဝန်ခံစကား ဆိုလာရပေတော့သည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now