မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (2)

9.5K 941 67
                                    


လေပူအချို့သည် ရွှေရိုးနောင်၏မျက်နှာကို ကလူကျီစယ်၏ ။ ဆောင်းရာသီဖြစ်သော်လည်း နေ့လယ်အချိန်ဆိုတော့ အပူချိန်ကမနည်းလှပေ ။ ရွှေရိုးနောင် စက်ဘီးကိုနင်းနေရင်းနှင့် ကျန်ရှိနေသည့်အလုပ်များကိုပါ စိတ်ထဲတွက်ချက်နေရသည် ။ အချိန်ကတော့ သိပ်မရ ။ လက်ဖက်ရည်ကိုဝယ်၍ အိမ်သို့ ခပ်မြန်မြန်ပြန်ရမည် ။ အာရုံများသွားသဖြင့် လက်ဖက်ရည်ဆိုင်ကိုပင် ကျော်မတတ်ဖြစ်သွားသည် ။ ထို့ကြောင့် မနည်းကို ဘရိတ်အုပ်လိုက်ရ၏ ။

ရွှေရိုးနောင် ရောက်သွားချိန်တွင် လက်ဖက်ရည်ဆိုင်ထဲ၌ လူအနည်းငယ်သာရှိသည် ။ ယနေ့ကျမှ အလုပ်မပြီးသေးသဖြင့် လက်ဖက်ရည်ဝယ် နောက်ကျခြင်းဖြစ်၏ ။ ထိုင်ခုံတွင်ထိုင်နေသည့်လူနှစ်ယောက်နှင့် ဆိုင်ရှင်ကိုမော်ကြီး၏ရှေ့၌ ရပ်နေသည့်လူတစ်ယောက် စုစုပေါင်းသုံးယောက်သာ ဆိုင်ထဲတွင်ရှိသည် ။ ထိုရပ်နေသည့်လူက ရွှေရိုးနောင်ကို ဆတ်ခနဲလှည့်ကြည့်လေသည် ။ အသက်ကတော့ အတော်လေးငယ်သေးပုံရ၏ ။ အသက်ပင်ပြည့်သေးရဲ့လား မသိချေ ။ ထိုကောင်လေး၏ မျက်နှာသည်စူပုပ်နေပြီး ရွှေရိုးနောင်ကိုလည်း မကြည်ကြည့်ဖြင့်ကြည့်လာလေသည် ။ ထိုကောင်လေးသည် လူနှစ်ယောက်ထိုင်နေသော စားပွဲဝိုင်းကိုသွား၍ထိုင်လိုက်သည်ကိုပါ တွေ့လိုက်ရသည် ။ ကြည့်ရသည်မှာ သူငယ်ချင်းများ ဖြစ်ဟန်ပင် ။

သေချာသည်ကတော့ ထိုကောင်လေးကို ရွှေရိုးနောင် မသိကျွမ်းဖူးပေ ။

ရွှေရိုးနောင် စက်ဘီးခြင်းထဲတွင်ထည့်ထားသော လက်ဖက်ခြောက်ထုပ်ကြီးကိုယူ၍ ဆိုင်ထဲသို့ ဝင်သွားလိုက်၏ ။ လက်ထဲမှ လက်ဖက်ခြောက်ထုပ်ကို စားပွဲခုံပေါ်သို့ တင်လိုက်သည် ။

" ကိုမော်ကြီးရေ ကျွန်တော့်ကို လက်ဖက်ရည်နှစ်ခွက် ပါဆယ်ထုတ်ပေးပါ ၊ ဒါက ကိုမော်ကြီးမှာထားတဲ့ လက်ဖက်ခြောက် ၊ ပိုက်ဆံက ကျွန်တော့်ကို အစ်မ ပေးပြီးသားပါ "

" အေး...အေး ၊ ဒါနဲ့ အရင်ရက်တွေက လက်ဖက်ရည်တစ်ခွက်ပဲ ဝယ်တာမို့လား ၊ ဒီနေ့ကျ နှစ်ခွက်ဝယ်တယ်ဆိုတော့ ဧည့်သည့်ရောက်နေလို့လား "

နှုတ်ခမ်းစွန်းနှစ်ဖက်သည် အပေါ်သို့ကော့တက်သွား၏ ။ နဖူးစပ်ရှိချွေးများကို လက်နှင့်သုတ်လိုက်ပြီးမှ သြရှရှနိုင်၍နွေးထွေးသောအသံမှာ ထပ်ပြီးထွက်ပေါ်လာသည် ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Donde viven las historias. Descúbrelo ahora