Part 13

295 62 4
                                    

Part 13

တတိယနှစ်ကျောင်းတက်ရက်တွေကုန်ဆုံးသွားပြီးတော့ ချန်ယောလ်က အရင်ကနေခဲ့တဲ့ ပင်လယ်ကမ်းခြေမြို့လေးဆီ အလည်ပြန်သွားသည်။ စာမေးပွဲရက်တွေတောင် မတွေ့ရလောက်အောင် ရှောင်နေသော ဂျောင်ဆူးကိုလည်း အတင်းတွေ့ဖို့ ကြိုးစားတာမျိုး မလုပ်မိ။ ကုသမှုခံယူပြီး ၃ လလောက်အကြာမှ တော်တော်သက်သာနေပြီဖြစ်သော စိတ်အခြေအနေကြောင့် မတင်မကျဖြစ်စရာကိစ္စတစ်ခုကို ပြတ်ပြတ်သားသား သိနေပြီဖြစ်သော်လည်း ဖွင့်ထုတ်ပြောပြဖို့တော့ တွန့်ဆုတ်နေမိသေးသည်။

မိဘတွေရှိရာ ကမ်းခြေမြို့လေးဆီပြန်ရောက်တော့ အရင်လို ဂျောင်ဆူးနဲ့သွားနေကျ နေရာတွေသွားဖြစ်သည်။ ဂျောင်ဆူးသဘောကျတဲ့ ချယ်ရီပင်ကြီးအောက် ထိုင်မိတော့ ချယ်ရီပွင့်ဖတ်လေးတွေက ချန်ယောလ်အနားကို တဖွဲဖွဲကြွေကျလာသည်။

*တစ်စုံတစ်ယောက်ရဲ့တွန်းအားကြောင့်မဟုတ်ဘဲ သူ့အလိုလိုကြွေကျလာတာကိုပဲ ငါစောင့်တော့မယ်ချန်ယောလ်
အခုကစပြီးရှေ့လျောက် ချယ်ရီကြွေဖို့ မင်းဘက်ကလုံးဝ အားမထုတ်ပါနဲ့*

တစ်ချိန်က ဂျောင်ဆူးပြောခဲ့တဲ့ စကားရဲ့အဓိပ္ပာယ်ကို ချန်ယောလ်နားမလည်ခဲ့ပေမဲ့ အခုတော့ ကောင်းကောင်းနားလည်သွားပြီဖြစ်သည်။ ဘယ်သူ့တွန်းအားမှ မပါဘူး ဂျောင်ဆူး ငါကိုယ်တိုင်ကိုက မင်းကို.....။

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရှိလာသည့် တောင်စွန်းပေါ်က ချယ်ရီပင်ကို အမွေအနှစ်ပင်အဖြစ် သတ်မှတ်လိုက်ပြီးတော့ အနီးအနားမှာ ကြိုးတန်းပြီး ကာရံလိုက်ကာ အပင်သက်တမ်းကို ဖော်ပြသော ကြေးပြားတစ်ပြားကပ်ထားသည်။ အပင်အောက်က သူတို့ ပုလင်းလေးမြှုပ်ခဲ့သည့်နေရာလေးကတော့ ပြန်ပြီး တူးမယ်ဆိုရင် ကြိုးတန်းအောက်က လျှိုပြီး တူးလို့လောက်သေးသည်။ ၅ နှစ်ပြည့်ဖို့ နောက်ထပ် ၂ နှစ်သာလိုတော့သည်။ အဲ့ဒီအချိန် မင်းနဲ့ငါက ဘယ်လိုပတ်သက်မှုမျိုးနဲ့ ဒီပုလင်းလေးကို တူးဖြစ်မလဲ ဂျောင်ဆူး။

🍀

တစ်ပတ်ကျော်လောက် အိမ်အနီးအနားမှာပဲ ဟိုနားဒီနားသွားခဲ့ပြီး ဒီနေ့တော့ မရောက်တာကြာပြီဖြစ်သော မြို့အဝင်ဝက မိဘမဲ့ဂေဟာဘက်ကို ထွက်ခဲ့သည်။ အရင်က ဂျောင်ဆူးနဲ့တူတူ ပိတ်ရက်တိုင်းလုပ်အားပေးလာခဲ့ပေမဲ့ တက္ကသိုလ် စ တက်ကတည်းက မရောက်ဖြစ်တာကြာပြီဖြစ်သည်။ ချန်ယောလ်ရောက်သွားတော့ ဂေဟာက ဆရာမတစ်ချို့ကတောင် ချန်ယောလ်ကို မမှတ်မိတော့။ ၃ နှစ်ကျော်အချိန်မှာ ရုပ်ရော ကိုယ်ခန္ဓာပါ ပြောင်းလဲသွားသည့် ချန်ယောလ်ကို
သေချာမှတ်မိအောင် ပုံဖမ်းကြည့်ကြပြီးမှ ပွေ့ဖက်နှုတ်ဆက်ကြသည်။ အရင်က အတူတူဆော့ကစကားခဲ့ကြသည့် ကလေးတွေလည်း အရွယ်ရောက်နေကြပြီဖြစ်သည်။

The heart wants what it wantsWhere stories live. Discover now