"လူကြီးမင်းရဲ့လက်မှတ်က သုံးခွင့်ရှိပါသေးတယ်"

ထိုအခါ ဘူတာရုံအတွင်းပိုင်းမှ စစ်ဆေးရေးဂိတ်တံခါးမှာလည်း သူ့အလိုအလျောက် ပွင့်ဟသွားလေသည်။ ၎င်းနောက် ချန်းကျင်းက ပျော်ရွှင်စွာနှင့် ကပျာကယာ ဆက်ဆို၏။

"ဒါဆို ကျွန်တော့်အဖေနဲ့ အစ်ကို့ရဲ့လက်မှတ်တွေကရော?"

အခြားသောလက်မှတ်နှစ်ခုမှာလည်း ဝန်ထမ်းဖြစ်သူဆီသို့ အတူတကွ လွှဲပြောင်းခံလိုက်ရပေပြီ။ သို့နှင့် တစ်ခဏကြာမျှ စစ်ဆေးပြီးနောက်တွင် ထိုဝန်ထမ်းက ဤကဲ့သို့ ဆိုလာလေ၏။

"ဒီနှစ်ခုက သိပ်အဆင်မပြေတော့ဘူး။ နောက်တစ်ချိန်ကိုပဲ စောင့်လိုက်တော့"

ချန်းကျင်းကမူ နားမလည်နိုင်ဟန်ဖြင့် ယောက်ယက်ခတ်လျက်။

"ဘာလို့လဲ? ဒီလက်မှတ်သုံးခုလုံးကို အတူတူဝယ်ထားခဲ့တာလေ"

ထိုအခါ ဝန်ထမ်းဖြစ်သူသည် ချန်းကျင်းကို တစ်ခဏမျှ စိုက်ကြည့်လိုက်၍ ၎င်းနောက် သူ့လက်တစ်ဖက်အား ဝှေ့ယမ်းပြကာ ခွင့်ပြုပေးလိုက်လေတော့၏။

"ကောင်းပါပြီ။ သုံးယောက်လုံး ဝင်လို့ရတယ်"

ချန်းကျင်းသည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိကာ အဖေဖြစ်သူ၏လက်မောင်းအား ဆွဲကိုင်လျက် အတွင်းထဲသို့ အတူတကွ ဝင်သွားပေသည်။ ဘူတာရုံ၏အပြင်ဘက်ဂိတ်က ဆူညံလှသည့်တိုင် အတွင်းဂိတ်ဘက်တွင်မူ အတော်လေး ဆိတ်ငြိမ်လှ၏။

ချန်းကျင်းက ဝမ်းသာစွာဖြင့် ရုတ်တရက် စကားဆိုသည်။

"ကျွန်တော်တို့တွေ စောစောထွက်ခွာခွင့်ရလို့ တော်သေးတာပေါ့နော်"

ချန်းကျန်းက "အင်း" ဟု ခပ်ဖွဖွ အသံပြုလျက် ထောက်ခံလာသည့်တိုင် ချန်းရွှီကမူ တစ်ခုခု လွဲနေကြောင်း သတိထားမိ၍ တစ်လျှောက်လုံး ငြိမ်နေခဲ့မိ၏။ ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်သောအခါ ချန်းရွှီသည် မိမိတို့နှင့် အလှမ်းမဝေးသော ယာဉ်ထက်တွင် လိုက်ပါမည့် ခရီးသည်များကို အသီးသီး တွေ့လိုက်ရလေသည်။ ထိုကဲ့သို့ ကျန်ခရီးသည်အချို့၏ မျက်နှာများအား မြင်တွေ့ပြီးနောက်တွင် သူ၏စိတ်ထဲမှ သံသယများမှာ ပို၍တိုးပွားလာရပေတော့၏။ သို့သော် ချန်းရွှီသည် ၎င်းမူမမှန်မှုက မည်ကဲ့သို့သော အရာမျိုးဖြစ်သည်ကိုမူ အချိန်မီ မစဉ်းစားနိုင်ခဲ့ပါချေ။

Application For Divorce  [ 离婚申请 ] Where stories live. Discover now