ထို့ကြောင့် ယခုကဲ့သို့ လူကြပ်နေသော ဘူတာရုံအား မြင်ရခြင်းမှာ သူတို့သုံးယောက်လုံးအတွက် ထူးဆန်းနေခြင်း ဖြစ်ရလေတော့၏။

အတိအကျဆိုရလျှင် ၎င်းမှာ လူကြပ်ရုံတင် မဟုတ်ပါဘဲ ဆူလည်းဆူညံနေသေးသည်။ သို့နှင့် တစ်ခဏမျှကြာပြီးနောက်တွင် သူတို့စီးမည့် ကားမှာ နောက်ကျနေကြောင်း ချန်းမိသားစုနှင့် အခြားသက်ဆိုင်ရာ ခရီးသည်များလည်း အသီးသီး သိရှိသွားရ၏။ ထို့အပြင် တချို့သော ခရီးသည်များ၏ လက်မှတ်များက အကြောင်းအမျိုးမျိုးကြောင့် အချိန်လွန်သွားကြ၍ အချို့လက်မှတ်များကမူ စတင်ထွက်ခွာချိန်ကို မရောက်သေးပါဘဲ ကျန်သောလူများထက်ဦးစွာ ကားပေါ်သို့ တက်ရောက်ခွင့်ရသော ကိစ္စမျိုးများလည်း ရှိနေခဲ့ပြန်လေသည်။

"ထူးဆန်းလိုက်တာ"

ချန်းကျင်းက တစ်ယောက်တည်းကြားရုံမျှ ခပ်ဖွဖွ ရေရွတ်လိုက်မိ၏။ ထို့နောက် သူသည် သူ၏လက်ထဲမှ လက်မှတ်ကိုကြည့်ရင်း စိုးရိမ်စွာဖြင့် အမေးဆိုလာလေသည်။

"ကျွန်တော်တို့ရဲ့ လက်မှတ်တွေကရော အချိန်လွန်သွားပြီလား မသိဘူး?"

ချန်းရွှီက ဆို၏။

"သွားပြီး စမ်းကြည့်တာပေါ့"

နောက်ဆုံးတွင် ချန်းသားအဖသုံးယောက်စလုံးသည် လူအုပ်ကြားထဲသို့ တိုးဝင်သွားနိုင်ခဲ့လေပြီ။ အမှန်အတိုင်းဆိုရလျှင် လက်မှတ်များကို စစ်ဆေးပေးသည်က အဆင့်မြင့် စက်တစ်လုံးဖြစ်ကာ အကူအညီလိုသော ခရီးသည်များအနေဖြင့် သီးသန့်ပြတင်းပေါက်လေးမှတစ်ဆင့် ၎င်းနှင့် ဆက်သွယ်နိုင်သည်။ သို့သော် ယခုအချိန်၌မူ လက်မှတ်စစ်ဆေးသည့်နေရာမှာ ထိုကဲ့သို့ မဟုတ်ပါဘဲ လူသားအလုပ်သမားတစ်ဦးနှင့် အစားထိုးခံလိုက်ရပေပြီ။

ချန်းကျင်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်လျက်နှင့်ပင် သူ၏လက်မှတ်အား ပြကာ ယဉ်ယဉ်ကျေးကျေး အမေးဆိုသည်။

"ကျွန်တော့ရဲ့လက်မှတ်က သုံးလို့ရသေးရဲ့လား?"

တစ်ဖက်ဝန်ထမ်းက သူ၏လက်မှတ်ကို ယူလိုက်၍ စစ်ဆေးရေးကိရိယာတစ်ခုနှင့် စစ်ဆေးလာခဲ့၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now