"အားလုံး ဖြေရှင်းပြီးသွားပြီလား?"

ချန်းကျင်းက တိတ်တဆိတ် ခေါင်းငြိမ့်ပြလာ၏။ တကယ်တမ်း သူ၏နှလုံးသားအတွင်း၌ တွန့်ဆုတ်မှုများ ရှိနေဆဲဖြစ်သည့်တိုင် သူသည် ၎င်းခံစားချက်များကို ထိန်းချုပ်ရန်သာ ကြိုးစားလိုက်လေသည်။

လုထောင်သည်ကား စစ်တပ်ဆေးရုံဆီသို့ မနက်အစောကတည်းက သွားနှင့်ပြီးလေပြီ။ ယနေ့တွင် ခင်ပွန်းဖြစ်သူသည် အခြားစရိုက်ကွဲတစ်ခုအား အပြီးတိုင် ရှင်းလင်းရန်အတွက် ခွဲစိတ်ခန်းဝင်လိမ့်မည် ဖြစ်သောကြောင့် ၎င်းခွဲစိတ်မှုသာ ပြီးသွားလျှင် သူ့ကိုပြုံးပြတတ်သော၊ အလိုလိုက်ပေးသော ခင်ပွန်းဖြစ်သူမှာ အစရှာမရအောင် ကွယ်ပျောက်သွားရတော့မည် မဟုတ်ပါလား။ ထို့ကြောင့် ယခင်လအနည်းငယ်တုန်းက ဖြစ်ပေါ်ခဲ့ဖူးပါသည့် သူ၏မျှော်လင့်ချက်အလုံးစုံမှာလည်း ကြေမွသွားရပြီဖြစ်ကာ ချန်းကျင်းအနေဖြင့် ရှေ့ဆက်တင်းခံရန်လည်း အင်အားမရှိတော့ပါပေ။

သူကမည်မျှပင် ပြောင်းလဲရန် ကြိုးစားခဲ့ပါစေ သူ၏ခင်ပွန်းဖြစ်သူသည်ကား သူ့ကို ယခုအချိန်ထိ သဘောမကျဘဲ မုန်းနေဆဲသာ။

ချန်းရွှီက သူ၏လက်ကို လှုပ်ယမ်းပြရင်း ပုံမှန်အတိုင်း စကားဆိုလာခဲ့၏။

"ဒါဆိုလည်း သွားကြမယ်လေ"

သို့နှင့် သားအဖသုံးယောက်စလုံး ဘူတာရုံထံသို့ အသီးသီးဝင်လာခဲ့ကြသောအခါ အတွင်းထဲ၌ ခရီးသည်များစွာ ရှိနေကြောင်း တွေ့လိုက်ရလေတော့သည်။ အမှန်အတိုင်းဆိုရလျှင် အင်ပါယာကမ္ဘာ၌ ခရီးသွားခြင်းနှင့်ပတ်သက်၍ အသုံးပြုသော ယာဉ်အမျိုးအစားများစွာ ရှိ၏။ ဤကဲ့သို့ အများသုံး ဘတ်စ်ကားများသည်ကား အင်ပါယာကမ္ဘာမှ အမြဲတမ်းနေထိုင်သူ အထက်တန်းစားမျိုးနွယ်များအတွက် ပထမဦးစားပေး မဟုတ်ရပါချေ။ အထက်တန်းလွှာအများစုသည် များသောအားဖြင့် မိမိကိုယ်ပိုင် အာကာသယာဉ်များနှင့်သာ အခြားကမ္ဘာများသို့ သီးသန့်ခရီးသွားရခြင်းကို ပိုမိုနှစ်သက်တတ်ကြသည်။

ဥပမာဆိုရလျှင် အတိတ်မှ ချန်းမိသားစုဝင်များမှာလည်း မိမိတို့၏ကိုယ်ပိုင် အာကာသယာဉ်များသာသုံး၍ ရပ်ခြားမြေခြားသို့ ခရီးထွက်လေ့ရှိခဲ့ပေ၏။ ကိုယ်ပိုင်ယာဉ်နှင့်သွားခြင်းက Folding space ကိုမဖြတ်နိုင်သဖြင့် အချိန်ပို၍ ကုန်သည့်တိုင် သူတို့သည် တစ်ခါမျှ ဘူတာရုံသို့လာ၍ အများစီးကားကို မစီးခဲ့ကြဖူးပါချေ။

Application For Divorce  [ 离婚申请 ] Where stories live. Discover now