အခန်း ၂၃ (သူ့စကား...)

52 7 0
                                    

#ကျုပ်ကဆရာကြီး
အခန်း ၂၃
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(သူ့စကား…)

ပိုင်ဝူချန်း ခါးသီးစွာ တွေးလိုက်သည်။
“ငါ ဘာကြောင့် အရင်ကတည်းက နားမလည်ခဲ့တာလဲ…ငါ သူ့အတွက် ဆိုင်တစ်ဆိုင် ငှားပေးထားသင့်တယ်…အခု တော့ ဒီအခွင့်အရေးကို လင်ချင်းယွန် ယူသွားပြီး ဆရာကြီးအရှေ့မှာ မျက်နှာရသွားပြီ…”

ပိုင်ဝူချန်း သက်ပြင်း အကြိမ်ကြိမ် ချနေသည့်အချိန် ကျောက်လောင်တု မှာ ပုံပြင်အား စိတ်ဝင်တစား နားထောင်နေခဲ့သည်။

အခြားတစ်ဖက်တွင် လီနင်းဖန် မှာ ဆရာသခင် ဗောဟိကျူး က ဝူခုန်းအား သင်ကြားပေးနေသည့် အပိုင်းတို့ ရောက်နေလေပြီ။

“ဆရာကျူးက ပြောတယ်…မင်းရဲ့ သင်ယူလိုစိတ်အပေါ် ငါ ကျေနပ်မိတယ်…လာပါ…ငါ မင်းကို ထာဝရ အသက်ရှင်ခြင်း ရဲ့ နက်နဲမှုကို သင်ကြားတဲ့အခါ သေချာ ဂရုစိုက်ပါ…”

“ဝူခုန်း ကျေးဇူးတင်စွာဖြင့် ဒူးထောက် အရိုအသေ ပေးလိုက်တယ်..”

သင်ယူလိုစိတ်လား…

ကျေနပ်တယ် ဟုတ်လား…

ထာဝရ အသက်ရှင်ခြင်း ရဲ့ နက်နဲမှု…

လင်ချင်းယွန် ၊ ပိုင်ဝူချန်း  နှင့် ကျောက်လောင်တု တိ်ု့မှာ ထိုစကားအား ကြားသည်တွင် တုန်လှုပ်သွားရသည်။ သူတို့ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် နီရဲလာခဲ့၏။

သူ တကယ်ပဲ ထာဝရ ရဲ့ နက်နဲခြင်း အကြောင်း ပြောတော့မှာလား…ဆရာကြီးက ဆရာသခင်ကျူး၏ စကားလုံးများကို ထွင်းဖောက်၍ သူတို့အား ရည်ညွန်းနေသည်ဟု ယုံကြည်နေမိသည်။ အထူးသဖြင့် သက်တမ်းကုန်တော့မည့် ကျောက်လောင်တု ဖြစ်သည်။ ထာဝရ အသက်ရှင်သန်ခြင်း ဆိုသည့် စကားအား ကြားသည်တွင် သူ့အသက်ရှူသံများပင် မြန်ဆန်လာခဲ့သည်။

မုန့်ကျွင်းလျန့် ရေးမှတ်နေရင်း စုတ်တံအား တင်းတင်းဆုပ်မိလိုက်သည်။ သူ နှုတ်ခမ်းအား တင်းတင်းစေ့ထားကာ စကားလုံး တစ်လုံးပင် မလွတ်သွားစေသည်အထိ အာရုံစိုက်ထားသည်။

“ဆရာသခင်ကျူးက ပြောတယ်…ထာဝရအသက်ရှင်သန်ခြင်းက ဘဝကို မြတ်နိူးတွယ်တာခြင်းပဲ… ချီအနှစ်သာရ နဲ့ ဝိညာဉ် ဟာ အမြဲတစ်စေ ဒွန်တွဲနေရမယ်…ကျင့်ကြံခြင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရမှာ ဖြစ်သလို ရင်ထဲ ကိန်းဝပ်နေရမယ်…”

ကျုပ်ကဆရာကြီး ( လီနင်းဖန်)Onde histórias criam vida. Descubra agora