Chapter 15 _ ညအချိန်၌ ချိန်းတွေ့ခြင်း

1.4K 343 12
                                    

(Unicode)

"လောရင့်စ်၊ မင်းကို အခုတလော အပြင်ခဏခဏထွက်တာ တွေ့ရတယ်နော်?"

တံခါးအပြင်ကို ထွက်တော့မလို့လုပ်နေသည့် ရှင်ယဲ့မှာ ရပ်တန့်လိုက်ကာ၊ နယ်စားမင်း ဂါဆီယာအား လှည့်ကြည့်လိုက်သည်။ ထို မင်းမျိုးမင်းနွယ်က သူ့ကို သေချာစိုက်ကြည့်နေသည်ပင်။

သေချာပေါက်အပြင်ထွက်ရမှာပေါ့။ မဟုတ်ရင် ဘုရင်မရဲ့ အချစ်တော်က သူ့ကို ဘယ်လိုလုပ် လာတွေ့နိုင်မှာလဲ?

ဒီရက်များအတွင်း စောင့်ကြည့်လေ့လာမှုအချို့ ပြုလုပ်ခဲ့ပြီးနောက်၊ နယ်စားမင်း စံအိမ်၏ အကာကွယ်ခံတပ်များမှာ ရေတစ်ပေါက်တောင် မယိုနိုင်သည့် သံပုံးလိုမျိုး ခိုင်မာတောင့်တင်းပြီး၊ ဘုရင်မကလွှတ်ထားသည့် သူလျှိုတစ်ယောက်မှ ရှိမနေကြောင်းကိုလည်း သိခဲ့ရသည်။ ထိုအခြေအနေမျိုးတွင် ကြိုးကိုင်ခြယ်လှယ်သူက သူ့ကို လာဆက်သွယ်ချင်ရင်တောင် လွယ်ကူလိမ့်မည်မဟုတ်ချေ။ ရန်သူကို အခွင့်အရေးပေးဖို့ရန်အတွက် ရှင်ယဲ့မှာ စျေးဝယ်ထွက်မည်ဟူသော ဆင်ခြေများပေးကာ လမ်းများပေါ် လှည့်ပတ်လျှောက်သွားနေရ၏။

"ကျွန်တော် ဒီလောက်ခမ်းနားစည်ပင်တဲ့ မြို့ကြီးကို တစ်ခါမှ မမြင်ခဲ့ရဖူးဘူး" ရှင်ယဲ့ ပြန်ဖြေလေ၏။ "အရှင် နယ်စားမင်းက ဒီရက်ပိုင်းအတွင်းမှာပဲ ပိုင်နက်နယ်မြေတွေဆီ ပြန်သွားမှာ ဟုတ်တယ်မလား? အဲ့ဒီမတိုင်ခင်မှာ ကျွန်တော် တော်ဝင်မြို့တော်ကို ကောင်းကောင်းလည်ပတ်ကြည့်ချင်လို့ပါ။ ပြီးတော့ ဒီကို ဘယ်တော့ပြန်လာခွင့်ရမလဲ ဆိုတာကိုလည်း မသိတာကြောင့်ပါ"

"ငါ ပိုင်နက်နယ်မြေကို ပြန်တာက ဒီနှစ် နွေဦးလယ်ထွန်ယက်ရေးအတွက်ပဲ" နယ်စားမင်း ဂါဆီယာက ဆိုသည်။ "ငါ့ရဲ့ တရားဝင် အဓိကအလုပ်တော်တော်များများက ဒီတော်ဝင်မြို့တော်မှာပဲရှိတာ။ နှစ်တိုင်း နွေဦးလယ်ထွန်ယက်ရေးနဲ့ ကောက်သစ်စားပွဲအတွက်ပဲ ပိုင်နက်နယ်မြေကို ပြန်တာ။ မင်း စိတ်မပူပါနဲ့။ ဒီကို နောက်တစ်ခေါက်ပြန်လာရမှာပါ"

အဲ့လိုဖြစ်နေတာလား? နယ်စားမင်း ဂါဆီယာမှာ ကြီးကျယ်သည့် မင်းမျိုးမင်းနွယ်တစ်ယောက်သာ မဟုတ်ဘဲ၊ နိုင်ငံအရေးအတွက် တာဝန်ထမ်းဆောင်သူတစ်ယောက်လည်း ဖြစ်နေသည်ပင်။ သူမှာ အမှန်တကယ် အာဏာရှိသော မင်းမျိုးမင်းနွယ်ပင်ဖြစ်ပြီး၊ သူ၏ အင်အားမှာလည်း အထင်သေးစရာ မဟုတ်ပေ။

High Energy QR Code [ Myanmar translation ]Kde žijí příběhy. Začni objevovat