Part 52

2.2K 93 6
                                    

Uni

လှေကားထစ်တွေကို smart ကျစွာ တထစ်ချင်းဆင်းလိုပါသော်လည်း ကျော်၍သာ ဆင်းမိသည်။
သူသိပ်ကို အလျင်လိုနေပါသည်။

ပိုသည်ပဲဆိုဆို သူမနဲ့မတွေ့ရသည့် အချိန်အပိုင်းအခြား တစ်ခုချင်းစီသည် သူ့အတွက်တော့ တစ်ဘဝစာပင်။

လူတွေက များလှသည်။
တွေ့ချင်ဇောဖြင့် ရှာနေသော်လည်း သူမကိုမတွေ့။
ထိုလူအုပ်တွေထဲမှာ မရှိနိုင်။
မျက်လုံးရှင်ရှင်ထားလျက် အရှေ့သို့ ဆက်လျှောက်နေမိသည်။

ကြာကြာ မရှာလိုက်ရပါ။
သူ့မျက်လုံးထဲမှာတော့ လူတွေအားလုံးထဲမှာ သူမတစ်ယောက်သာ ထင်ရှားစွာ မြင်နေရသည်။

ရိုးရိုးယဥ်ယဥ်လေးပင်။
မြန်မာဝတ်စုံလေးကို ဝတ်ထားပြီး ဆံနွယ်ရှည်တွေကို တစ်ဝက်စည်းထားသည်။
သူမကတော့ သူ့ကိုမြင်ပုံမပေါ်။
အတွေးလွန်နေပုံပင်။

ဖေဖေက တော်ရုံတန်ရုံ ခရီးအများကြီး ထွက်ရသည်တော့ မဟုတ်။
ထွက်လျှင်လည်း ကြာတတ်သည်။
ထိုအချိန်တိုင်း မေမေ့ကို လေယာဥ်ကွင်းလာကြိုခိုင်းသည်။

သူနဲ့မေမေ လာကြိုပြီဆို ဖေဖေကပြေးပြီး မေမေ့ကို အရင်ကြည့်နေတတ်သည်။
နှစ်တွေကြာသွားလည်း ဒီအမူအကျင့်က မပြောင်းလဲ။
တကယ်တော့ သူရဲ့ချစ်တတ်မှုဟာ သူ့အဖေဆီက အမွေရတာ ဖြစ်နိုင်သည်။

သူအရွယ်ရောက်လာတော့ အရမ်းချစ်တတ်သည့်ဖေဖေ့ကို အချစ်အကြောင်းတွေ မေးဖူးသည်။
ဖေဖေ​ပြောတဲ့စကားက ရိုးရှင်းပါသည်။

မေမေက သူ့အတွက် အိမ်တဲ့။
အိမ်ပြန်လာလို့ အိမ်ရှေ့မှာ ကြိုနေမယ့် ဇနီးသည်ကို တွေ့လိုက်ချိန် ကမ္ဘာပေါ်မှာ ငါတစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုးတဲ့။
ငါ့ကို ဆူပူကြိမ်းမောင်းမယ့်သူ ထိန်းကျောင်းမယ့်သူ ရှိပါသေးလားဆိုတဲ့ ခံစားချက်မျိုးတဲ့။

ဒါတွေကို သူသေချာနားမလည်ခဲ့။
အခုတော့ တကယ်ကို နားလည်သွားပြီ။

သူ ခရီးတွေများစွာထွက်ဖူးသည်။
လူပေါင်းများစွာလည်း သူ့ကို လာကြိုဖူးသည်။
မိဘ သူငယ်ချင်း မိတ်ဆွေ နွေးထွေးမှုကို ခံစားရပေမယ့် ဒီခံစားမှုမဟုတ်။

You had me at helloWhere stories live. Discover now