၎င်းကျောက်အား အတိတ်အခါက သူသေချာပေါက် ရောင်းထုတ်ခဲ့ပြီးပြီပင်။ ချန်းကျင်းသည်ကား အစွဲအလမ်းကြီးတတ်သူ ဖြစ်သောကြောင့် သူသည် မိမိနှစ်သက်ရာ ပစ္စည်းများကို အလွယ်တကူ စွန့်ပစ်လေ့မရှိပါပေ။ ထိုအခါက ငွေရေးကြေးရေးမှာ အရမ်းကြပ်တည်းနေလေရာ မတတ်သာသည့်အဆုံး ၎င်းကျောက်နှင့် သလင်းပြာကျောက်သေတ္တာကိုပါ ရောင်းချခဲ့ရခြင်း ဖြစ်၏။ ချန်းကျင်းသည် တလက်လက်တောက်ပနေသော အပြာရောင်အဆင်းရှိ ပစ္စည်းများကို အစဉ်အမြဲ စုဆောင်းထားလေ့ရှိပေသည်။ ၎င်းမှာ သူငယ်စဉ်ကတည်းက စွဲမြဲနေခဲ့သော ဝါသနာတစ်ခုပင်။

တစ်ဖက်၌မူ လုထောင်သည် လက်တွဲဖော်လေးထံမှ အနမ်းခြွေခံရသဖြင့် အတော်လေး ကျေနပ်သွားမိပြီ ဖြစ်၏။ သူက ချန်းကျင်း၏ နားသံသီးလေးများကို ဖျစ်ညှစ်ရင်း ဆိုလာသည်။

"ခုနကပြောတာ ကိုယ့်အတွက် အရသာရှိတာ တစ်ခုခု ချက်ကျွေးမယ်ဆို..?"

ချန်းကျင်းသည် သူ့ကိုပြုံးပြရင်း ပြန်ဖြေ၏။

"ကျွန်တော် အခုပဲ သွားချက်လိုက်မယ်"

သူသည် မီးသီးအားလုံးကို ပြန်ဖွင့်လိုက်၍ ယဲ့မင်ကျူးကို အတိတ်က မူလနေရာဆီ ပြန်ထားလိုက်တော့သည်။ တစ်ဖက်မှ လုထောင်မှာမူ ၎င်းပုံစံခွက်လေးနှင့် ယဲ့မင်ကျူးတို့က လိုက်ဖက်သည်ဟု ခံစားမိ၍ အနည်းငယ် အံ့ဩသွားမိလေ၏။

"ကြည့်ရတာ ဒီကျောက်က အဲ့ဒီလို ပစ္စည်းမျိုးနဲ့ ထည့်လေ့ရှိတယ်နဲ့တူတယ်နော် ..သူတို့ကြည့်ရတာ အံ့ဝင်ခွင်ကျပဲ"

ချန်းကျင်းသည် ပြုံးရုံသာပြုံးခဲ့လေ၏။ ၎င်းယဲ့မင်ကျူးက မိမိ၏ပစ္စည်းဖြစ်၍ ၎င်းအထားအသို အနေအထားမှာလည်း အတိတ်က သူ၏မူရင်းပုံစံဖြစ်ကြောင်းကိုမူ လုထောင်အား ပြောမပြနိုင်ခဲ့ပါပေ။ သူသည် အခန်းအပြင်သို့ ခြေလှမ်းအနည်းငယ်မျှ လှမ်းမိပြီးခါမှ တစ်ခုခုကို သတိရသွား၍ အနောက်သို့လှည့်၍ စကားဆိုလာသည်။

"ဒါနဲ့လေ မနက်ဖြန်ကျရင် ကျွန်တော့်ကိုကြီး ဒီကိုလာလိမ့်မယ်။ ခင်ဗျား အပြင်သွားဦးမှာလား"

လုထောင်က သူ၏စကားကို အနည်းငယ် နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလာသည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now