သို့သော် နောက်သုံးလေးရက်အတွင်း အော်ဒါကိုအမီချုပ်နိုင်ပါက သူ့ထံသို့ ဝင်ငွေအများအပြားလည်း ဝင်လာလိမ့်မည်ပင်။

ချန်းကျင်းသည် ဤကိုယ်ဝန်ကိုဖျက်ချရန်အတွက် သေသေချာချာ စဉ်းစားတွက်ချက်နေခဲ့၏။ မည်သို့ပင်တွေးတောစေကာမူ သူ၏ကျန်သက်တမ်းတစ်လျှောက်လုံးကို လုထောင်နှင့် မိသားစုတစ်စုတည်ဆောက်ရင်း ကုန်ဆုံးသွားလို့မရကြောင်း တွေးမိလေသည်။ နောက်ဆုံးတွင် မိမိက ချန်ထားခံရမည်ဖြစ်၏။ လုထောင်သည် မိမိအပေါ် ပြောင်းလဲ၍ ချစ်လာမည်မဟုတ်သလို မိမိ၏ကလေးကိုလည်း သဘောကျလိမ့်မည် မဟုတ်ပါ။ မှတ်ဉာဏ်များပြန်ရပြီးသည့်နောက် အနှေးနှင့်အမြန် ကွာရှင်းရမည်ဖြစ်ကာ လုထောင်ကလည်း နောက်လူတစ်ယောက်နှင့် အိမ်ထောင်သစ်ထူထောင်လိမ့်မည်။ ထိုအခါ နောက်လူအသစ်က သူ့အတွက် ရင်သွေးငယ်လေးများကို မွေးဖွားပေးလိမ့်မည် မဟုတ်ပါလား။

ဖြစ်နိုင်ခြေရှိသည်များကို စဉ်းစားပြီးသည့်နောက်တွင် ချန်းကျင်းသည် ခဏမျှ မျက်လုံးစုံမှိတ်၍ ဝယ်ယူရန်ခလုတ်ကို နှိပ်လိုက်တော့၏။ ငွေပေးချေမှုက အောင်မြင်ကြောင်း တွေ့ရသောအခါ သူသည် စိတ်သက်သာရာရသွားမိလေသည်။ ထိုအချိန်တွင်ပင် ရေချိုးခန်းတံခါးက ပွင့်လာရာ ချန်းကျင်းသည် ကပျာကယာနှင့် light screen ကို ပိတ်လိုက်၍ လုထောင်ကို ကြည့်လိုက်ပေ၏။

လုထောင်သည် ဘောင်းဘီတစ်ထည်ကိုသာ ဝတ်ဆင်ထား၍ ၎င်းအသွင်အပြင်မှာ အရပ်ရှည်သည့် သူ့အတွက် အတော်လေး ကြည့်ကောင်းသည်ဟု ဆိုရမည်ပင်။ ပုခုံးကျယ်ကျယ် ခါးသိမ်သိမ်ကိုယ်ထည်တစ်ခုအပြင် ရင်အုပ်ထက်နှင့် ဝမ်းဗိုက်မှ ကြွက်သားတစ်စုံသည်ကား ကြည့်ရှုသူ မျက်လုံးမလွှဲနိုင်အောင်ကို ဆွဲငင်အားကောင်းလှပေ၏။ ဆေးရုံအိပ်ရာပေါ်တွင် အချိန်ကြာလဲလျောင်းနေခဲ့ရသည့်တိုင် သူ၏ကြွက်သားများက ပုံပျက်သွားခြင်းမရှိပါပေ။ အကြောင်းမှာ ဆေးရုံမှာရှိနေစဉ်ကလည်း လုထောင်သည် ခြေလက်များလှုပ်ရှား၍ရချိန်မှစ လေ့ကျင့်ခန်းများ ပုံမှန်လုပ်ခဲ့သောကြောင့်ပင်။

လုထောင်သည် ပြုံးရိပ်သန်းနေသော မျက်ဝန်းတစ်စုံဖြင့် ချန်းကျင်းဆီသို့ တည့်တည့်မတ်မတ် လျှောက်လာလေ၏။ နှုတ်ခမ်းထောင့်စွန်းများကလည်း ကွေးညွတ်နေ၍ သူ့ကြည့်ရသည်မှာ အတော်လေး စိတ်ကြည်နေပုံပေါက်သည်။ လုထောင်သည် အိပ်ရာအနားသို့ ရောက်လာသောအခါ ချန်းကျင်း၏ပါးတစ်ဖက်ကို အသာအယာဆွဲညှစ်လာခဲ့၏။ ထိုကဲ့သို့ လုပ်ရခြင်းကို သူအတော်လေး သဘောခွေ့သည့်ပုံပင်။ လုထောင်က မိမိ၏ပါးပြင်ကို ခဏခဏ ဖျစ်ညှစ်နေခဲ့သည့်တိုင် ချန်းကျင်းသည် မငြင်းဆန်ပါဘဲ တစ်ဖက်လူစိတ်ကျေနပ်သည်အထိ လုပ်ခွင့်ပေးထားပေ၏။ အတန်ကြာသောအခါမှ သူကဆိုလာခဲ့သည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now