ကောင်းကင်ယံက မှိုင်းညှို့နေ၏။
မကြာခင်မှာ မိုးရွာတော့မယ်ဆိုတာ ခန့်မှန်းမိတာကြောင့် မြူနှင်းမိုး စိတ်ထဲသိပ်မပျော်တော့ချေ။မိုးနဲ့ သူနဲ့က ဘယ်လိုရေစက်မှန်းမသိ၊ နေသည့် မြို့နယ်က အအေးပိုင်းဒေသ၊ မိုးက ဆယ့်နှစ်ရာသီလုံးမပြတ်ရွာသည်။ သူကလည်း မိုးဆိုသည့် အသံကြားတာနဲ့ပင် စိတ်က မကြည်ချင်တော့။ အုံ့မှိုင်းနေသည့် ကောင်းကင်လို သူ့စိတ်ပါ အုံ့မှိုင်းလာသည်ဟု ခံစားရသည်။
တိတ်ဆိတ်နေသည့် ဧည့်ခန်းထဲတွင် တယ်လီဖုန်းမြည်သံက ဆူဆူညံညံထွက်လာတော့ ဘေးတွင် ထိုင်နေသည့် ဖေဖေက ဖတ်လက်စ စာအုပ်ကို ချပြီး ကိုင်လိုက်သည်။ ခဏလောက် တိတ်တဆိတ် နားထောင်နေပြီး 'မီးလေး.. သမီးဖုန်း' ဟု မြူနှင်းမိုးကို လှမ်းပေးသည်။
အိမ်ဖုန်းမှတဆင့် သူ့အား ဆက်မည့်သူကို ရုတ်တရက်ဆိုတော့ စဥ်းစားမရဖြစ်သွားရသည်။ ဖုန်းလွှဲယူလိုက်တော့ ထွက်လာသည့် အသံချိုချိုက ကြယ်လေး၏မေမေ ဒေါ်အေးမြရိပ် ဖြစ်၏။
"မြူ.. သမီး... အဆင်ပြေရင် သမီးသူငယ်ချင်းကို လာခေါ်ပေးလို့ရမလား.."
ဒေါ်လေး၏ အသံက ခါတိုင်းလို ချိုသာဆဲဆိုပေမဲ့ ဘာကမှားနေလို့ မှားနေမှန်း မသိ။ မှားယွင်းနေတဲ့ တစ်စုံတစ်ရာကိုတော့ မြူနှင်းမိုး ခံစားလို့ ရနေသည်။
အကြောင်းအရင်းကို မေးမနေတော့ဘဲ ချက်ချင်းပင် စတီပေါ်က သော့တွဲကို ယူလိုက်ပြီး ဂိုထောင်ထဲက ဆိုင်ကယ်ကို ထုတ်လိုက်တော့ အနောက်ကနေ ဖေဖေက မိုးကာယူသွားဖို့ သတိလှမ်းပေးသည်။
ကောင်းကင်ကိုမော့ကြည့်တော့ မိုးက မကြာခင်ရွာချတော့မည့်ပုံပေါ်သည်။ မိုးမရွာလာခင် မြန်မြန်လေးသွားရပါမည်။
"အဲ့ဒါ ရှင့်အပိုင်း..။ ကျွန်မကို ကွာရှင်းစာချုပ်သာပို့ပေး ကိုထိန်လင်း၊ ရှင်တောင် လုပ်ရက်မှတော့ ကျွန်မလည်း မပြတ်သားရဲစရာ ဘာအကြောင်းမှမရှိဘူး "
ဒါဟာ သူ ဆိုင်ကယ် စက်သတ်ပြီးနောက် ကြယ်လေးအိမ်ထဲမှ ထွက်လာသည့် စကားသံဖြစ်သည်။ ကြယ့်မေမေ၏အသံက ဖုန်းထဲမှာ ကြားခဲ့သလို အေးဆေးနေသော်လည်း အပြင်မှာကြားရတော့ ချိုသာမှုတစ်စုံတစ်ရာမပါဘဲ ခက်ထန်နေကြောင်း သဲသဲကွဲကွဲခံစားရသည်။
YOU ARE READING
တိမ်တွေမှာ ငွေဇာကွပ်ရယ်နှင့်
Teen Fictionအနက်ရောင်ကောင်းကင်က ကြယ်တစ်ပွင့် ကျွန်မနှလုံးသားထဲ တည့်တည့် ကြွေကျလာတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတွေဆီ လွင့်မျောပါရင်း ကျွန်မအိမ်မက်ဟာ ယိုင်နဲ့လာတယ်။ အချစ်ဟာ ဘာလဲလို့ မေးလာရင်တော့ အချစ်ဟာ ကြယ်တွေလေ လို့ ကျွန်မဖြေမယ် ~ ~