မယ် - ၄ (Unicode)

836 81 20
                                    

မယ် သည် မိမိ၏ အိမ်သို့ ပြောင်းလာမည့် ဦးအောင်မင်းကို တမျှော်မျှော်ရှိတော့သည်။

ကောင်းကင်ကိုမော့ကြည့်ရင်းမှ မယ်သည် မိုးရွာမည်ဟု တွက်ဆသည်။ မှိုင်းညို့နေသော တိမ်လိမ်များက တရွေ့ရွေ့သွားနေသည်။ ကျေးငှက်တို့ကလည်း ခပ်နိမ့်နိမ့်မှ ပျံသန်းနေကြသည်။ တိုက်နေသည့်လေက မပြင်းသော်လည်း လေပြည်လေအေးတော့ မဟုတ်ပြန်။

မိုးသည် သေချာပေါက်ရွာလိမ့်မည်။
မုန်တိုင်းတိုက်မတိုက်ကိုတော့ မယ် လည်းမသိ။

အိမ်ရှေ့မှ စိန်ပန်းပင်တွင် အနီရောင်စိန်ပန်းပွင့်များက ရဲရဲတောက်နေသည်။ တစ်ချက်တစ်ချက် လွင့်ကျလာသော ပွင့်လွှာတို့သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။

မယ်သည် စိမ်းစိမ်းစိုစိုဖြင့် လှပနေသော အရွက်များကို တစ်လှည့်၊ အနီနဲ့အဝါရောစပ်နေသော စိန်ပန်းပွင့်များကို တစ်လှည့်ကြည့်သည်။ အသီးရှည်ရှည်များကိုတော့ မတွေ့ရသေး။

ဦးအောင်မင်းကို မျှော်ရင်းမှ ညနေစောင်းလာသော အခါ မယ်က သစ်ခွပင်များကို ရေလောင်းပြန်သည်။

"ကဲ မလာပြန်ဘူး ၊ သူဟာ မယ် တို့ကို အထင်များသေးသွားပြီလား"

စိုစွတ်နေသော သစ်ခွပန်းပင်သည် မယ့် စကားကို မတုန့်ပြန်။ မယ်သည် မြေဆွေးအောက်မှ လိပ်စာကတ်ကို ထုတ်ကြည့်ပြန်သည်။

"အို မလာရင်လည်းနေပေါ့ ၊ မယ့်ဆီမှာ သူ့လိပ်စာရှိနေတာပဲ"

*********

မှောင်ရီပျိုးစ အချိန်တွင် ကားတစ်စီးသည် မယ့် အိမ်ရှေ့သို့ရောက်လာသည်။ မယ်သည် ကားသံကို ကြားလျှင် ဝရန်တာသို့ အပြေးလေး ထွက်ကာကြည့်သည်။

ကားပေါ်မှ ဆင်းလာသူသည် ဦးအောင်မင်းဟု သိလေလျှင် မယ့် မှာ ဝမ်းသာစိတ်ဖြင့် ပြုံးကာ ရင်ဘတ်ကို အသာဖိလေတော့သည်။

"မနက်ပိုင်းလာမလို့ပါပဲဗျာ ၊ အလုပ်တွေက အခုမှ ပြီးတာနဲ့ "

ပင်ပန်းပုံပေါ်နေသော ဦးအောင်မင်းသည် အနည်းငယ်ပင် နွမ်းနေသော်လည်း ခန့်ညားမှုတို့က မလျော့ပေ။

မယ် Where stories live. Discover now